မြန်မာယမ်စီကုမ္ပဏီနဲ့ တွေ့ခွင့်ရ ဖို့ ဒေသခံများက ထပ်မံတောင်းဆို
2015.12.19

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်က စံပယ်တောင်နဲ့ ကြေးစင်တောင်မှာ သတ္တုတူးဖော်ရေးလုပ်ကိုင်နေတဲ့ မြန်မာယမ်စီကုမ္ပဏီနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ ဒေသခံတွေက ထပ်မံတောင်းဆိုလိုက်ပါတယ်။
ကုမ္ပဏီကိုယ်စားလှယ်၊ ဒေသခံကိုယ်စားလှယ်၊ တိုင်းဒေသကြီးအစိုးရဖွဲ့တွေနဲ့ တွေ့ဆုံစဉ်က ကတိ ပေးထားပေမယ့် အခုချိန်အထိ လုပ်ဆောင်မပေးသေးတဲ့အတွက် အခုလို တောင်းဆိုတာဖြစ်တယ်လို့ ဒေသခံ ကိုတင့်အောင်စိုး က ပြောပါတယ်။
"တွေ့ဆုံဆွေးနွေးနေတာကို ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် ၉ လပိုင်းကမှ အခု တစ်နှစ်ကျော်တဲ့ အတိုင်းအတာမှာ ကုမ္ပဏီအနေနဲ့ တိတိကျကျလုပ်ဆောင်နေတာ တစ်ခုမှမရှိသေးဘူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ပါတယ်၊ ကုမ္ပဏီပါတယ်၊ ဒေသခံတွေ ကိုယ်စားပါတယ်၊ အဲ့ဒီအထဲမှာမှ လုပ်ဆောင်တဲ့ဥစ္စာကိုမှာ ကုမ္ပဏီကိုမှ တိတိကျကျလုပ်ဆောင်တာက ၄ ချက်စလုံး တစ်ချက်ကိုမှမရှိသေးဘူး၊ မရှိသေးတဲ့အတွက် ကျနော်တို့က ဒါတွေကို လုပ်ဆောင်ပေးဖို့ တောင်းဆိုနေတာဗျ၊ ဖြေရှင်းပေးဖို့ကလည်း ကုမ္ပဏီကိုစာတင် ပြီးတော့လေ တောင်းဆိုချက် ၄ ချက်နဲ့ပတ်သက်ပြီးတော့ ကုမ္ပဏီအနေနဲ့ လုပ်ဆောင်တာတွေမရှိသေးတဲ့ အတွက် ကျနော်တို့ ဒေသခံတွေကို တွေဆုံဆွေးနွေးခွင့်ပြပါဆိုပြီး ကျနော်တို့က စာတင်ပြီးတော့ တောင်းဆို တာပါ"
ဒီနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ကုမ္ပဏီနဲ့တွေ့ဆုံဆွေးနွေးခွင့်ကိုပေးဖို့ ဒေသခံတွေက တောင်းဆိုပေမယ့် ကုမ္ပဏီဘက်က ဒီဇင်ဘာ ၂၈ ရက်ကိုချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။
မြေယာလျော်ကြေး ရရှိရေး၊ ဒေသခံတွေကို နေ့စားအလုပ်သမား ခန့်ထားရေး၊ ဒေသဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး စတဲ့အချက်တွေကို မလုပ်ပေးသေးတဲ့အတွက် ကုမ္ပဏီ အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေး ခွင့် တောင်းကြတာလို့ ပြောပါတယ်။
အဲ့ဒီ အချက်လေးချက်ကို လုပ်ဆောင်ပေးဖို့ တွေ့ဆုံဆွေးနွေးတာ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်ကတည်းက ( ၈) ကြိမ်လောက် ရှိခဲ့ပေမယ့် အခုချိန်အထိ ကုမ္ပဏီဘက်က လုပ်ဆောင်ပေးတာ မရှိဘူးလို့လည်း သိရပါတယ်။