ရိုက်တာ သတင်းထောက်တွေကို သြဂုတ်လ ၂၇ ရက်နေ့မှာ အမိန့်ချမည်


2018.08.20
reuters-reporters-622 ရိုက်တာ သတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံးကို ၂၀၁၈ ခုနှစ်၊ သြဂုတ် ၂၀ ရက်နေ့က ရုံးထုတ်မှာ တွေ့ရစဉ်
Photo: Htet Arkar/ RFA

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ၃(ဂ)နဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ရဲ့ အမှုကို လာမယ့် သြဂုတ်လ ၂၇ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှာဖြစ်ကြောင်း တရားသူကြီးက ဒီနေ့ရုံးချိန်းမှာ ကြေညာလိုက်ပါတယ်။

သတင်းထောက် ၂ ဦးလုံးမှာ အပြစ်မရှိတဲ့အတွက် တရားရုံးက မျှမျှတတဆုံးဖြတ်ပြီး အမှုကနေ လွှတ်ပေးလိမ့်မယ် လို့ ယုံကြည်ကြောင်း သတင်းထောက် ကိုဝလုံးက ဒီနေ့ ရုံးချိန်းအပြီး ပြန်လည်ထွက်ခွာလာချိန်မှာ ပြောပါတယ်။

"ကျနော်တို့မှာ လုံးဝအပြစ်မရှိပါဘူး၊ လာမယ့်၂၇ ရက်နေ့မှာ ရုံးတော်ကနေ ဆုံးဖြတ်မယ့် အနေထားမှာလည်း ကျနော်တို့ မျော်လင့်ချက်တွေနဲ့အတူ ကျနော်တို့ ယုံကြည်တဲ့ ဒီမိုကရေစီနဲ့ တရားမျှတမှုနဲ့ သတင်းလွတ်လပ်ခွင့် အပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ အပြစ်မရှိတဲ့အပေါ်ကို တရားရုံးတော်က မျှမျှတတ ဆုံးဖြတ်ပြီးတော့ ကျနော်တို့ကို လွှတ်ပေးမယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်"

ကိုကျော်စိုးဦးကလည်း သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ မြန်မာနိုင်ငံရဲ့ တရာဥပဒေစိုးမိုးရေးအတွက် တရားရုံးက မှန်ကျန်မျှတတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။

တရားရုံးမှာ နှစ်ဖက်ရှေ့နေတွေက နောက်ဆုံးအကြိမ် လျှောက်လဲချက်တွေ တင်ခဲ့ကြပါတယ်။ တရားလို ရှေ့နေ ဦးကျော်မင်းအောင် က သတင်းထောက်တွေရဲ့ လက်ကိုင်ဖုန်းတွေအတွင်း ရက္ခိုင့်တပ်မတော် AA က ဒုတိယ စစ်ဦးစီးမှူး ညိုထွန်းအောင်ရဲ့ ဖုန်းနံပါတ်ကိုတွေ့တာကြောင့် သတင်းထောက်တွေဟာ သတင်းအချက်အလက်တွေ ကို သောင်းကျန်းသူတွေထံပေးဖို့ ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက်၊ နိုင်ငံတော် ဘေးအန္တရာယ် ကျရောက်သွားနိုင် ကြောင်း၊ သတင်းထောက်တွေဟာ အမျိုးသားအကျိုးစီးပွားထက် ရိုက်တာ သတင်းဌာနရဲ့ အကျိုးအတွက်သာ အလုပ်လုပ်နေကြတာဖြစ်ကြောင်း၊ ရိုက်တာဟာ သတင်းရောင်းစားနေတဲ့  နိုင်ငံခြား သတင်းဌာနတစ်ခုဖြစ်ပြီး၊ သတင်းထောက်တွေကို ဒေါ်လာပေးပြီး ခိုင်းတာဖြစ်ကြောင်း လျှောက်လဲခဲ့ပါတယ်။

သတင်းထောက်တွေရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ဟာ သတင်းထောက် တွေဖြစ်ကြပြီး၊ သူလျှိုတွေအဖြစ် တရားရုံးက စစ်ဆေးနေတာမဟုတ်ကြောင်း၊ အစိုးရကလည်း ရိုက်တာသတင်းဌာနကို နိုင်ငံ့ရန်သူ အဖြစ် သတ်မှတ်မထားကြောင်း၊ သတင်းသမားတွေရဲ့ဖုန်းထဲမှာ အဲဒီလို ဖုန်းနံပါတ်တွေ ရှိနေတာဟာ သတင်းရယူဖို့ အတွက်သာဖြစ်ကြောင်း ပြန်လည်ချေပခဲ့ပါတယ်။

ဒါ့ပြင် တရားလိုဘက်က လျှောက်လဲချက်တွေဟာ လက်ရှိ ပြဌာန်းထားတဲ့ ဥပဒေရဲ့ အားနည်းချက်တွေကြောင့် ဖြစ်ကြောင်းလည်း ရှေ့နေ ဦးခင်မောင်ဇော် က တရားရုံးအထွက်မှာ ပြောဆိုခဲ့ပါတယ်။

ဒီအမှုအတွက် တရားလိုပြသက်သေ ၂၃ ဦးနဲ့ တရားခံပြသက်သေ ၄ ဦးတို့ကို စစ်ဆေးခဲ့ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ကနေ စတင်ဖမ်းဆီးထားဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ သူတို့ ၂ ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။