CID ရဲမှူးရဲ့ သက်သေထွက်ဆိုချက်တွေကို ကန့်ကွက်


2018.05.21
reuters-reporters-may21-622.jpg ရိုက်တာ သတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံးကို ၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့က ရုံးထုတ်မှာ တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ရိုက်တာ သတင်းထောက်နှစ်ဦးအမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေတစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံ မှုခင်းနှင့် သတင်းရဲတပ်ဖွဲ့ CID ရဲမှူး အောင်ကျော်ဆန်းရဲ့ ထွက်ဆိုချက်တွေဟာ အင်းဒင်ကျေးရွာ လူသတ်မှုနဲ့ ပတ်သက် တာတွေ မဟုတ်တဲ့အတွက် ကန့်ကွက်လိုက်တယ်လို့ သတင်းထောက် ၂ ဦးရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ဒီနေ့ ပြောပါတယ်။

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ နဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုနဲ့ပတ်သက်ပြီး ဒီနေ့ အင်းစိန်တရားရုံးမှာ စစ်ဆေးအပြီး ရှေ့နေ ဦးသန်းဇော်အောင်က ပြောတာဖြစ်ပါတယ်။

"အင်းဒင်သတင်းနဲ့ ပတ်သက်ပြီးတော့ မပါဘူး၊ ဒီနေ့တင်တဲ့ ၂၁ ရွက်ထဲမှာပေါ့နော်၊ တရားရုံးကတော့ အခုအချိန်ထိ လက်မခံသေးဘူး၊ ကျနော်တို့ကလည်း ဒါကိုသက်သေခံ ဥပဒေနဲ့ မညီလို့ဆိုပြီးတော့ ကန့်ကွက်ထားတယ် မနက်ဖြန်မှာ ဆက်ပြီးတော့ ဒီသက်သေကို ဆက်စစ်ဆေးမယ်၊ အဲဒီပေါ်လာတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီးတော့ ဥပဒေနဲ့အညီ ကျနော်တို့ ဆက်ပြီးတော့ လျှောက်လဲတာတွေ၊ ထုချေတာတွေ လုပ်သွားမယ်"

တရားလိုပြသက်သေတစ်ဦးဖြစ်တဲ့ ရဲမှူး အောင်ကျော်ဆန်းကတော့ နည်းပညာပိုင်း ဆိုင်ရာနဲ့ပတ်သက်တဲ့ စစ်ဆေးထင်မြင်ချက်တွေကို တရားရုံးမှာ ထွက်ဆိုခဲ့ပြီးဖြစ်ကြောင်း အမှုနဲ့ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာ မပေးလိုကြောင်း ပြောပါတယ်။

ရိုက်တာ သတင်းထောက် ကိုကျော်စိုးဦးက ကျန်းမာရေးမကောင်းတဲ့အတွက် အင်းစိန်အကျဉ်းထောင် အတွင်းမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဒီနေ့ ရုံးထုတ်မှာ ပြောပါတယ်။

နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ ရိုက်တာသတင်းဌာနရဲ့ မြန်မာနိုင်ငံသား သတင်းထောက် ကိုသက်ဦး မောင် (ခေါ်) ဝလုံးနဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင်တို့ နှစ်ဦးကို မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့ညက ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ နဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။