လန်ဒန်အခြေစိုက် FPA က ရိုက်တာ သတင်းထောက်နှစ်ဦးကို ဂုဏ်ပြုဆုချီးမြှင့်


2018.11.28
reuters-reporters-622 ရိုက်တာ သတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင် တို့ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/ RFA

လန်ဒန်အခြေစိုက် Foreign Press Association (FPA) က ကမ္ဘာတဝန်းမှာရှိတဲ့ သတင်းထောက်တွေကို နှစ်စဉ်ချီးမြှင့်တဲ့ ဂုဏ်ပြုဆုတွေထဲက ၂၀၁၈ ခုနှစ်အတွက် "Journalist of the Year" ဆုကို ရိုက်တာ သတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ချီးမြှင့်လိုက်ပါတယ်။

နှစ်ပေါင်း ၁၀၀ ကျော်ပြီဖြစ်တဲ့ လန်ဒန်အခြေစိုက် နိုင်ငံခြားသတင်းထောက်အဖွဲ့ FPA က သတင်းထောက်တွေကို နှစ်စဉ်ချီးမြှင့်တဲ့ ဂုဏ်ပြုဆုတွေထဲက ၂၀၁၈ ခုနှစ်အတွက် သတင်းသမားဆုကို အကျဉ်းကျခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကို မနေ့က ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားမှာ  ထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက်ကို ဝိုင်းဝန်းကာကွယ်ပေးကြဖို့လည်း FPA အဖွဲ့က တိုက်တွန်းခဲ့ပါတယ်။

ကိုဝလုံးရဲ့ ဇနီးဖြစ်သူ မပန်းအိက အဲဒီဆုကို ရရှိခဲ့တဲ့အတွက် ဝမ်းမြောက်ကြောင်းနဲ့ သူတို့နှစ်ဦးကို အမြန်ဆုံးလွတ်မြောက်စေလိုကြောင်း RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စုံစမ်းဖော် ထုတ်ရေးသားခဲ့တဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ကို ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။

ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာ တစ်နှစ်နီးပါးရှိနေပြီဖြစ်ပြီး နိုင်ငံတကာက သူတို့နှစ်ဦးကို ပူးတွဲချီးမြှင့်ခဲ့တဲ့ နိုင်ငံတကာဆုတွေထဲက အခု FPA က  ချီးမြှင့်တဲ့ဆုဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ သူတို့ရရှိတဲ့ ၇ ဆု မြောက်ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။