သတင်းထောက် ၂ ဦးရဲ့ ဖုန်းတွေကို ဝရမ်းမပါဘဲ စစ်ဆေးခဲ့


2018.05.29
reuters-reporters-may21-622.jpg ရိုက်တာ သတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံးကို ၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့က ရုံးထုတ်မှာ တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ နဲ့ တရားစွဲဆိုခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးရဲ့အမှုကို မနေ့က ဆက်လက် စစ်ဆေးခဲ့ရာမှာ သူတို့နှစ်ဦးရဲ့ လက်ကိုင်ဖုန်းတွေကို ရဲတပ်ဖွဲ့က ရှာဖွေခွင့် ဝရမ်းမပါဘဲ ရယူစစ်ဆေးခဲ့တယ်လို့ သက်သေဖြစ်သူ ရဲအရာရှိ တစ်ဦးက ထွက်ဆိုခဲ့ပါတယ်။

တရားလိုပြ သက်သေတစ်ဦးဖြစ်သူ ရဲမှူး အောင်ကျော်ဆန်းက သတင်းထောက်နှစ်ဦးဟာ လျှို့ဝှက်အက် ဥပဒေနဲ့ စွပ်စွဲခံရသူတွေဖြစ်တဲ့အတွက် တရားရုံးရဲ့ ရှာဖွေခွင့်ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်၊ စုံစမ်း စစ်ဆေးခွင့်ရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။

တရားပြိုင် ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်ကတော့ တရားသူကြီးတစ်ဦးရဲ့ ခွင့်ပြုချက်နဲ့သာ ဖမ်းဆီးခွင့်ရှိကြောင်း၊ သက်သေအထောက်အထား ရရှိရေးမှာ ရှာဖွေခွင့်ဝရမ်း ပါရှိရမြဲဖြစ်တဲ့အတွက် ရဲဘက်က ထွက်ဆိုချက်ဟာ လက်သင့်ခံနိုင်စရာမရှိကြောင်း ရုံးချိန်းအပြီးမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရားလိုဘက်က ရှေ့နေကတော့ တစ်စုံတစ်ရာ မပြောဆိုဘူးလို့ ရိုက်တာ သတင်းက ဖေါ်ပြပါတယ်။

သတင်းထောက်နှစ်ဦးရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးခဲ့ရာမှာ အစိုးရလျှို့ဝှက်ချက် စာရွက်စာတမ်းတွေ၊ အနောက်ဘက်ကမ်းရိုးတန်းက ကျွန်းတစ်ကျွန်းရဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ အစီအစဉ်တွေ တွေ့ရှိခဲ့ရကြောင်း ပြီးခဲ့တဲ့ ရုံးချိန်းမှာ ရဲဘက်က တင်ပြခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက် နှစ်ဦးက အဲဒီ အချက်အလက် တွေ သူတိုရဲ့လက်ကိုင်ဖုန်းထဲ ဘယ်လိုဘယ်ပုံ ရောက်ရှိနေမှန်းမသိကြောင်း ပြောဆိုခဲ့ကြပါတယ်။ တရားရုံးမှာ စစ်ဆေးနေချိန်အတွင်းမှာပဲ အဲဒီဖုန်းတွေထဲကို သတင်းအချက်အလက်တွေ ဝင်ရောက်နေခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြခဲ့ကြပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ဦးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ ဇန်နဝါရီလမှာ စတင် ရုံးထုတ်စစ်ဆေးခဲ့တာပါ။ သတင်းထောက် နှစ်ဦးအပေါ် အပြစ်ရှိကြောင်း စီရင်ဆုံးဖြတ်မယ်ဆိုရင် ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။