ရိုက်တာသတင်းထောက်တွေအမှု အောက်တိုဘာလဆန်းပိုင်း အယူခံတင်မည်
2018.09.18

ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တဲ့အပေါ် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကို လာမယ့် အောက်တိုဘာလဆန်းထဲမှာ အယူခံတင်သွားမယ်လို့ သတင်းထောက်နှစ်ယောက်ရဲ့ ရှေ့နေတွေက ဒီကနေ့ RFA ကို ပြောပါတယ်။
တရားရုံးက အမိန့်ကို တရားမျှတမှုမရှိဘူးလို့ ယူဆရင် အမိန့်ချပြီး ရက်ပေါင်း ၆၀ အတွင်းမှာ အယူခံဝင်ခွင့်ရှိတဲ့ အတွက် လတ်တလောမှာ အယူခံဝင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး လာမယ့် အောက်တိုဘာလဆန်းထဲမှာ အယူခံ ဝင်သွားမယ်လို့ ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။
"ပြင်ဆင်တာတော့ ပြင်ဆင်နေပါတယ်၊ ရက်တော့အတိအကျ မသိသေးဘူး၊ ရှေ့လထဲဖြစ်မယ်၊ ရှေ့လအစပိုင်းလောက်ထဲဖြစ်မယ်"
ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ ဖုန်းထဲမှာရှိတဲ့ စာရွက်စာတမ်းတွေဟာ နိုင်ငံတော်လျို့ဝှက်ချက်နဲ့ ငြိစွန်းတယ်ဆိုပြီး မြန်မာနိုင်ငံအစိုးရ လျို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁)(ဂ)နဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ထောင်ဒဏ် ၇ နှစ်စီချမှတ်ခဲ့ပါတယ်။
ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့နှစ်ယောက်ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်ကို စတင်ဖမ်းဆီးစဉ်က ရခိုင်ပြည်နယ်က ရဲကင်းစခန်းတွေရဲ့ လုံခြုံရေးတွေနဲ့ ပတ်သက်တဲ့ စာရင်းတွေကို လက်ဝယ်တွေ့ရှိလို့ဆိုပြီး ဖမ်းဆီးခဲ့တာဖြစ်ပေမဲ့ တရားရုံးက အမိန့်ချချိန်မှာတော့ ဖုန်းထဲက စာရွက်စာတမ်းတွေကြောင့်ဆိုပြီး ပြောင်းလဲသွားတာဖြစ်ပါတယ်။
သတင်းထောက်နှစ်ယောက်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားတုန်းက မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ လူအစုလိုက် အပြုံလိုက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သတင်းဖော်ထုတ်ရေးသားစဉ် ဖမ်းဆီးခံရတာဖြစ်လို့ လူသတ်မှုဖော်ထုတ်ရေးသားတာနဲ့ ဆက်စပ်နိုင်တယ်လို့ အများက လက်ခံထားကြပါတယ်။
ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ချလိုက်တဲ့အပေါ် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ သတင်းမီဒီယာတွေကပါ ဝေဖန်ကန့်ကွက်မှုတွေရှိပါတယ်။