ရိုက်တာသတင်းထောက်တွေကို ထောင်ချောက်ဆင် ဖမ်းဆီးဟုပြော
2018.04.20

ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ နှစ်ဦးကို လုံခြုံရေးစာရွက်စာတမ်းတွေ ပေးပြီး ဖမ်းဆီးဖို့ ရဲမှူးချုပ် တင်ကိုကိုက အမိန့်ပေးတာဖြစ်ကြောင်း ဒုရဲမှူး မိုးရန်နိုင်က တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။
ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် တရားရုံးမှာ တရားလိုသက်သေဖြစ်တဲ့ ဒုရဲမှူး မိုးရန်နိုင်က အဲဒီလိုထွက်ဆိုခဲ့တာပါ။
တရားခွင်အပြီး သတင်းထောက်တွေက ထောင်ချောက်ဆင် ဖမ်းဆီးတာလားလို့ မေးကြရာမှာ ဟုတ်တယ် ကျနော်ပြောချင်တာ အဲဒီကိစ္စပဲလို့ သူက ပြောပါတယ်။ ဒါ့အပြင် သတင်းထောက်တွေက အမှန်တရားကို ဘယ်လိုကြောင့်ထွက်ဆိုဖြစ်တာလဲလို့ မေးရာမှာ ရဲတပ်ဖွဲ့ဝင်တွေမှာလည်း ဘယ်အဆင့်အတန်းမဆို သူ့ဂုဏ်သိက္ခာသူ ရှိပါတယ်လို့ ပြန်ဖြေပါတယ်။
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ဦးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၂ရက်နေ့ညက မင်္ဂလာဒုံမြို့နယ်က စားသောက်ဆိုင်တဆိုင်မှာ ချိန်းဆိုပြီး ဆိုင်ကနေပြန်အထွက်မှာပဲ ဖမ်းဆီးခဲ့ကာ သူတို့ ၂ဦးကို နိုင်ငံတော်အစိုးရ လျှို့ဝှက်ဥပဒေနဲ့ တရားစွဲဆိုဖမ်းဆီးထားတာ ဖြစ်ပါတယ်။
ဒီကနေ့ တရားရုံးမှာထွက်ဆိုတဲ့ ဒုရဲမှူး မိုးရန်နိုင်ဟာ သတင်းထောက်ကိုဝလုံးနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၃ရက်နေ့က ရဲတပ်ရင်းသက်သာဆိုင်မှာ တွေ့ဆုံခဲ့ဖူးခဲ့ပေမယ့် ကိုဝလုံးတို့ အဖမ်းခံရတဲ့ ဒီဇင်ဘာလ ၁၂ရက်နေ့မှာ သူမပါဘူးလို့ဆိုပါတယ်။ သူတွေ့ဖူးတာ သတင်းထောက် ကိုဝလုံးနဲ့သာ တွေ့ဖူးတာဖြစ်ပြီး သတင်းထောက်ကိုကျော်စိုးဦးနဲ့ မတွေ့ဖူးဘူးလို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ည ၁၀နာရီခွဲမှာပဲ ဒုရဲမှူး မိုးရန်နိုင်နဲ့ ရဲတပ်ဖွဲ့ဝန်ထမ်း ၆ဦးဟာ ဖမ်းဆီးခံခဲ့ရပြီး ကျန်သူတွေကို လွှတ်ပေးပြီး သူနဲ့ ရဲတပ်ကြပ် ခင်မောင်လင်းတို့ကို ဒီနေ့အထိ ရက်ပေါင်း ၁၂၀ကျော် ဖမ်းဆီးထားတယ်လို့ တရားရုံးမှာ ထွက်ဆိုပါတယ်။ သူဟာ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့် မရသေးဘူးလို့ဆိုပါတယ်။ ရဲမှူးချုပ်တင်ကိုကိုရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်နေသလိုဖြစ်တယ်လို့ ထွက်ဆိုပါတယ်။
ဒုရဲမှူး မိုးရန်နိုင်ဟာ ရခိုင်ပြည်နယ် မောင်တောခရိုင် အင်းဒင်နယ်မြေကင်းစခန်းမှာ တာဝန်ထမ်းဆောင်ခဲ့ ဖူးပါတယ်။
သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ မောင်တောခရိုင် အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ မွတ်စလင် အမျိုးသား ၁၀ ဦး အသတ်ခံရတဲ့ကိစ္စကို ဖေါ်ထုတ်ဖို့ ကြိုးစားရင်း ဖမ်းဆီးခံထားရတာလို့ ရိုက်တာ သတင်းဌာနက ပြောဆိုထားသလို အဲဒီလူသတ်မှုအကြောင်းကိုလည်း မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ရိုက်တာသတင်းဌာနက ရေးသားတင်ပြထားပါတယ်။
အင်းဒင်ရွာမှာ လူသတ်မှုကျူးလွန်ခဲ့တဲ့ တပ်မတော်သား အရာရှိ၊ စစ်သည် ၇ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ် ချဖမ်းဆီးထားတယ်လို့ မတ်လ ၁၀ရက်နေ့ ညပိုင်းက တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
ရိုက်တာသတင်းထောက် ၂ဦးကို အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထာတာ အခုဆိုရင် ၄ လလောက် ရှိပြီဖြစ်ပါတယ်။