ဒုရဲမှူး မိုးရန်နိုင်ရဲ့ မိသားစု ဝန်ထမ်းလိုင်းခန်းကနေ ပြောင်းရွှေ့ရ
2018.04.21

ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တယ်လို့ သက်သေထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ မိသားစုကို နေပြည်တော်က ရဲဝန်ထမ်းလိုင်းခန်းကနေ ပြောင်းပေးဖို့ ဒီကနေ့မနက်မှာ အကြောင်းကြားလာတယ်လို့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။
လိုင်းခန်းကနေ ဖယ်ပေးရမယ်ဆိုပြီး ဒုရဲအုပ်တစ်ဦးက ဖုန်းဆက်လာတာဖြစ်တယ်လို့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်တူးက ပြောပါတယ်။
"မနက်က တာဝန်ကျရဲအရာရှိတစ်ယောက်က ဖုန်းဆက်တယ်၊ မိသားစုကို ၃ ရက်အတွင်း ပြောင်းပေးပါပေါ့၊ ပြောင်းပေးပါ့မယ်လို့ အကြောင်းပြန်လိုက်တယ်၊ ခဏနေဖုန်းထက်ဆက်တယ်၊ ၃ ရက်မဟုတ်ဘူး ၂ ရက် အတွင်းပေါ့နော်၊ ဖြစ်နိုင်ရင်တော့ မြန်မြန်ရွှေ့ပေးဖို့ပြောတယ်၊ ကျမတို့ နေ့ချင်းပဲ ချက်ချင်းရွှေ့နေရပါတယ်"
ဒုရဲမှူး မိုးရန်နိုင် ဖမ်းဆီးခံထားရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က အခုလိုပြောပါတယ်။
"ကောင်းတာတော့ တနလာၤနေ့ကျရင် ဒီကိစ္စကို အလေးနက်ထားပြီး ဥက္ကဌကြီးကို တင်ပြီးတော့ ကော်မရှင် အဖွဲ့ဝင်အစုံညီနဲ့ ဝိုင်းဝန်းဆွေးနွေးကြပါမယ်၊ အဲဒီကျရင်တော့ ဘာလုပ်ကြမယ်ဆိုတာ ပြောပါ့မယ်၊ ကျနော့် အနေနဲ့ ဒီကိစ္စကို တစ်ဦးတည်းပြောဖို့ခက်ပါတယ်၊ ဥပဒေအကြောင်းအရလည်း တရားရုံးပေါ်ရောက်သွားတဲ့ ကိစ္စကို ဝင်စွတ်ဖက်လို့မရဘူး၊ ဖမ်းဆီးခံထားရတဲ့ ဒုရဲမှူးအနေနဲ့ ခြိမ်းခြောက်ခံထားရတဲ့ပုံစံမျိုးတွေ့ရရင် သူ့အနေနဲ့ မိသားစုနဲ့တွေ့ခွင့်မရဘူးဆိုရင် လူ့အခွင့်ရေးကော်မရှင်အနေနဲ့ ဝင်သင့်မဝင်သင့် စဉ်းစားဖို့ တင်ပြပါ့မယ်"
ရိုက်တာ သတင်းထောက်နှစ်ဦး ကိစ္စနဲ့ဆက်စပ်ပြီး ဒုရဲမှူး မိုးရန်နိုင်ကို ရဲစည်းကမ်းထိန်သိမ်းရေးဥပဒေ ၁၆(ခ)နဲ့ လုံခြုံရေးရဲတပ်ဖွဲ့ အမှတ်(၈) မှာ ဖမ်းဆီးစစ်ဆေးနေရာကနေ မနေ့ညက လုံခြုံရေးအစောင့်အရှောက်နဲ့ နေရာပြောင်းရွှေ့သွားတယ်လို့ သိရပါတယ်။
ဘယ်ကိုပြောင်းရွှေ့စစ်ဆေးနေတယ်ဆိုတာကို မိသားစုဝင်တွေအနေနဲ့ မသိရသေးကြောင်းနဲ့ မိသားစုနဲ့ တေ့ွဆုံခွင့် မရတာ ၄ လ ကျော်နေပြီဖြစ်ပါတယ်။
ဒုရဲမှူး မိုးရန်နိုင်ဟာ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က အင်တာဗျူးဖြေကြား ခဲ့သူဖြစ်ပြီး တရားလိုပြသက်သေအဖြစ် မနေ့က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ သက်သေထွက်ဆိုခဲ့ တာဖြစ်ပါတယ်။
ရိုက်တာသတင်းထောက်၂ ဦးကို ဘာစာရွက်စာတမ်းမှ မပေးခဲ့ကြောင်း၊ အမှတ်(၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲနဲ့ဆိုင်တဲ့ စာရွက်တွေကိုပေးပြီး ဖမ်းဆီးဖို့ ရဲမှူးချုပ် တင်ကိုကိုက ခိုင်းစေခဲ့ကြောင်း မနေ့က တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။
ဒုရဲမှူး မိုးရန်နိုင် ဖမ်းဆီးစစ်ဆေးခံနေရတဲ့အမှုကို တရားမျှတစွာ ဖြေရှင်းပေးဖို့ သူ့ရဲ့မိသားစုဝင်တွေက ဒီလဆန်းလောက်ကတည်းက နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ စာပေးပို့ပြီး တောင်းဆိုထားတယ်လို့ သိရပါတယ်။