တပ်နဲ့ RCSS တိုက်ပွဲကြောင့် ကျောက်မဲမှာ အရပ်သား တစ်ဦး သေ၊ နှစ်ဦး ဒဏ်ရာရ

ကံသာ
2020.06.29

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာ တပ်မတော်နဲ့ RCSS/SSA တိုက်ပွဲကြောင့် အရပ်သား တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရပြီး ရွာသားငါးရာကျော် နေရပ်စွန့် ခွာနေရပါတယ်။

ဇွန်လ ၂၈ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ ကျောက်မဲမြို့နယ် ပန်ကျန်းကျေးရွာအတွင်း လက်နက်ကြီးကျည်ကျခဲ့လို့ လုံးစုလို့ခေါ်တဲ့ အသက်ငါးဆယ်အရွယ် အမျိုးသား သေဆုံးခဲ့ပြီး အသက် ငါးဆယ်အရွယ် အမျိုးသမီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ RCSS ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်အွမ်ခေးက RFA ကို ပြောပါတယ်။

ကျောက်မဲမြို့ SNLD ပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဝင်းကတော့ တိုက်ပွဲကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရသလို ရွာသား သုံးရာလောက် နေရပ်စွန့်ခွာနေရတယ်လို့ ပြောပါတယ်။

ဒီနေ့ညနေပိုင်းမှာလည်း ဒေသခံတချို့ ထပ်မံထွက်ပြေးလာတာကြောင့် စစ်ဘေးဒုက္ခသည် ငါးရာကျော် ရှိနေပြီဖြစ်ပါတယ်။

တိုက်ပွဲအတွင်းမှာ တပ်မတော်ဘက်က ဒေသခံရွာသားတွေကို လမ်းပြအနေနဲ့ ခေါ်ဆောင်တာ ကားတွေ ချောဆွဲတာမျိုးရှိလို့ ကျောက်မဲ စကခ လို့ခေါ်တဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်ခဲ့ရာမှာ ရွာသားအချို့ ပြန်လွတ်လာတာရှိတယ်လို့ လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်နေချိန် ကျေးရွာမှာ ပိုးစာပင်စိုက်ဖို့ ကျန်နေခဲ့တဲ့ အမျိုးသားတစ်ဦးကို တပ်ဖက်က ရိုက်နှက်စစ်ဆေးခဲ့တာကြောင့် ဒဏ်ရာရခဲ့တဲ့အတွက် ဒီကနေ့မနက်မှ ကျောက်မဲဆေးရုံကို ရောက်လာတယ်လို့ ဒေသခံက ပြောပါတယ်။

လက်နက်ကြီးကျလို့ သေဆုံးသူကို နောင်ပိန်ကျေးရွာမှာပဲ သဂြိၤုဟ်လ်မှာဖြစ်ပြီး ဒဏ်ရာရသူ အမျိုးသမီးကိုလည်း နောင်ပိန် တိုက်နယ်ဆေးရုံမှာပဲ ဆေးကုသမှုပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RCSS က ကျောက်မဲမြို့နယ်အတွင်း ဇွန်လ ၂၆ ရက်နေ့က မူးယစ်ဆေးဝါးတွေ မီးရှို့တဲ့ အခမ်းအနားပြုလုပ်ဖို့အတွက် တပ်မတော်ဖက်ကို အကြောင်းကြားခဲ့ပြီး လုံခြုံရေးအတွက် တပ်အင်အားတွေ ကြိုတင်ချထားခဲ့ရာမှာ ဇွန်လ ၂၅ ရက်နေ့လောက်ကတည်းက စစ်ရေးတင်းမာလာပြီး တိုက်ပွဲအနည်းငယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၆ ရက်မှာတော့ တိုက်ပွဲမရှိခဲ့ပေမယ့် ဇွန်လ ၂၇ နေ့မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့ ဒီမနက်မှာတော့ ပန်ကန်းရွာဘက်ကို တပ်မတော်က ပစ်ခတ်ခဲ့တာလို့ RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေးက ပြောပါတယ်။

စစ်ရေးတင်းမာနေတဲ့ ဇွန်လ ၂၅ ရက် နောက်ပိုင်းထဲက ဟဲကွီး၊ ပြိန်းနင်းရွာတဝိုက် တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာရှိသလို စစ်ကား ၂၁ စီးနဲ့ စစ်အင်အား တိုးချဲ့ချထားတာကြောင့် ဟဲကွီးနဲ့ ပြိန်းနင်ရွာသားတွေ တိမ်းရှောင်နေရတယ်လို့ အကူအညီပေးနေတဲ့ ကျောက်မဲ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ဒီမနက်မှာတော့ နောင်ပိန်ကျေးရွာကိုလည်း ရွာသားတစ်ရာကျော် တိမ်းရှောင်လာတဲ့အတွက်  ထွက်ပြေးနေရသူ သုံးရာကျော်ရှိ နေပြီဖြစ်ပါတယ်။

တိုက်ပွဲနဲ့နီးတဲ့ ကျေးရွာတွေက ရွာသားအချို့လည်း ထပ်မံထွက်ပြေးလာနိုင်တယ်လို့ ဒေသခံက ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဒီမနက် တိုက်ပွဲအခြေအနေကို မသိရသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြောင်းပြချက်နဲ့ RCSS ဘက်က NCA စာချုပ်ပါအချက်ကို ဖောက်ဖျက်ပြီး နယ်မြေကျော်လွန်လာတဲ့အတွက် တိုက်ပွဲဖြစ်တာရှိတယ်လို့ ပြောပါတယ်။

RCSS ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းအွမ်ခေးက တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ကျောက်မဲမှာရှိတဲ့ RCSS ဆက်ဆံရေးရုံးကနေ သက်ဆိုင်ရာ စစ်တိုင်းတွေကို နောက်နောင်မှာ အခုလို အပစ်ရပ် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေ မလုပ်ဖို့ စာပေးပို့ ညှိနှိုင်းသွားမယ်လို့ ပြောပါတယ်။

ဒီနှစ်အတွင်း တပ်မတော်နဲ့ တိုက်ပွဲငယ်ပေါင်း ဆယ်ကြိမ်ကျော်အထိ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိတပ်မတော်နဲ့ RCSS တို့ တိုက်ပွဲဖြစ်နေတဲ့ ဟဲကွီး၊ ပြိန်းနင်ကျေးရွာတွေအနီး ပြီးခဲ့တဲ့ ၂၀၁၆ မေလက တပ်မတော်နဲ့ ရှမ်းလက်နက်ကိုင်နောက်တစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ရွာသား သုံးဦးထက်မနည်း သေဆုံးခဲ့သလို ပျောက်ဆုံးနေသူတွေလည်း ဒီနေ့အထိ သတင်းမရတော့ဘူးလို့ ကျောက်မဲမြို့နယ် SNLD ပါတီ လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။