သတင်းထောက်တွေ လွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို RSF တိုက်တွန်း
2018.09.07

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ချက်ချင်းလွှတ်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ဆောင် ရွက်ပေးပါလို့ RSF နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူပြီး RSF အတွင်းရေးမှူးချုပ် Christophe Deloire က လက်မှတ်ရေးထိုးပြီး တိုက်တွန်းတာပါ။
သတင်းထောက်နှစ်ဦးဟာ ခုဆိုပဲ ၉ လနီးပါး ဖမ်းဆီးခံထားရပြီး တရားရုံးမှာ ဒု-ရဲမှူး မိုးရန်နိုင် ဧပြီလ ၂၀ ရက်နေ့က ထွက်ဆိုချက်အတိုင်း ဒီသတင်းထောက်နှစ်ယောက်ဟာ ထောင်ချောက်ဆင် ဖမ်းဆီးခံရတာဖြစ်တဲ့အကြောင်း ပေးစာမှာ ဖော်ပြထားပါတယ်။
တပ်မတော်ကိုယ်စားလှယ်တွေနဲ့ အပေးအယူညှိနှိုင်းနိုင်ရေး ကြိုးစားဖို့တွန်းပို့နေတဲ့ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေတွေကို RSF က သတိထားမိပေမယ့် ဂုဏ်သတင်းကောင်း ထူထောင်လာသူတစ်ဦးရဲ့ စံနှုန်းတွေကို သွေဖယ်သွားသူတစ်ဦးအဖြစ် သမိုင်းတွင်အောင် ဘယ်အရာမှ တွန်းမပို့နိုင်ပါဘူးလို့ ရေးသားပါတယ်။
ဒါ့ကြောင့် သတင်းထောက်နှစ်ဦးကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြစ်ဒဏ်က လွတ်ငြိမ်းပေးနိုင်တာမို့ ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းရတဲ့အကြောင်း ဖော်ပြထားပါတယ်။