စုဝေးဆန္ဒပြခွင့် ဥပဒေကို ပြည်သူ့ လွှတ်တော်မှာ ပြင်ဆင်အတည်ပြု
2014.03.05

ခွင့်ပြုချက်မယူဘဲ ဆန္ဒပြမယ်ဆိုရင် ထောင်ဒဏ် ၆ လကျခံရနိုင်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီနေ့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ခွင့်ပြုချက်မရဘဲ ဆန္ဒပြမယ်ဆိုရင် ထောင်ဒဏ် ၆ လကျခံရမယ်ဆိုတဲ့ ပြဌာန်းချက်အစား ငွေဒဏ် ၅ သောင်းကျခံဖို့၊ ငွေဒဏ်မဆောင်နိုင်မှ ထောင်ဒဏ် ၁ လကျခံဖို့ ပြင်ဆင်ချက်အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပေမဲ့ မဲခွဲဆုံးဖြတ်ရာ အဆိုရှုံးနိမ့်ခဲ့ပါတယ်။
တင်ပြတဲ့ အဆိုရှုံးနိမ့်ခဲ့တာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က အခုလိုပြောပါတယ်။
"ဆန္ဒထုတ်ဖော်တယ်ဆိုတာ မိမိဆန္ဒကို ထုတ်ဖော်တာ၊ လူတစ်ဦးတစ်ယောက်ကို မကျေနပ်ရင်ပြောမယ်၊ အဖွဲ့အစည်းတစ်ခုကို မကျေနပ်ရင်ပြောမယ်၊ အဲဒါကို လွတ်လွတ်လပ်လပ် နိုင်ငံသားတွေ ပြောပိုင်ခွင့် အခွင့်အရေးကို အဲဒီဆန္ဒထုတ်ဖော်မှု မရဘူးဆိုရင် ရိုက်ချိုးခံရတာ ကျနော်ရလာတဲ့ရလာဒ် ရှုံးသွားတယ်၊ သို့သော် ကျနော်ကျေနပ်တယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပုဒ်မ ၁၈ အတွက် အလုပ်လုပ်ကြတယ်၊ ဒါပေမဲ့ သေသေချာချာ စဉ်းစားပြီးတော့ ပြည်သူ့ဘက်က ဘယ်လိုနစ်နာနိုင်သလဲဆိုတာကို စဉ်းစားဖို့လိုလိမ့်မယ်၊ အဓိကက ပြည်သူတွေက နစ်နာမှုထဲမှာ ထပ်ရှိနေသေးသလားဆိုတာကို စဉ်းစားရမှာ"
ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီက တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ ကို ပယ်ဖျက်ထားတဲ့ ဥပဒေကြမ်းကို တင်သွင်းခဲ့တာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပုဒ်မ ၁၈ ကို မပယ်ဖျက်ဘဲ မူလဥပဒေမှာပါတဲ့ ထောင်ဒဏ်တွေကိုသာ တစ်ဝက်စီလျှော့ချဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ အဲ့ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်နဲ့ ဒေါ်ခင်စန်းလှိုင်တို့က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ကြတာပါ။
ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီး အဲ့ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆက်လက်ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။