ရေပူဆရာတော် လွတ်မြောက်ရေး အဖွဲ့ ၂၀ ကျော် သမ္မတထံ စာရေးတောင်းဆို


2015.07.16
yaypu-monk-protest-620.jpg ရေပူဆရာတော် ဦးဣန္ဒက လွတ်မြောက်ရေးအတွက် ဇူလိုင်လ ၆ ရက်နေ့က မိုးကုတ်မြို့ခံတွေ ဆန္ဒပြတောင်းဆိုစဉ်
Photo: Hset Paing Toe/RFA

မိုးကုတ်မြို့ ရေပူကျောင်းတိုက်ဆရာတော် ဦးဣန္ဒကကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့အတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆရာတော်ကြီးတချို့၊  မိုးကုတ်မြို့က သံဃာတော်တွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၂၀ ကျော်က နိုင်ငံတော်သမ္မတထံ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

ဆရာတော်ကြီးတွေရဲ့ လက်မှတ်တွေနဲ့ တင်ပြထားတာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ အလေးနက်ထား ပြီး ဆောင်ရွက်ပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ရေပူဆရာတော်ရဲ့ ဒကာတစ်ဦးဖြစ်တဲ့ ဦးစိုးဌေးက ပြောပါတယ်။

"အဓိကကတော့ ဆရာတော်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ပေါ့နော် တောင်းဆိုတဲ့စာပါတယ်၊ မြန်မာနိုင်ငံမှာ တာဝန်အရှိဆုံးဖြစ်တဲ့ နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဌ ဆရာတော်ကြီး ကိုယ်တိုင်က လက်မှတ် ထိုးပြီး တောင်းဆိုတဲ့ကိစ္စကို အစိုးရအဖွဲ့အနေနဲ့ အလေးအနက်ထားဖို့ နောက်တစ်ခုက ရွေးကောက်ပွဲ နီးနေတဲ့အချိန်မှာ ငြိမ်ငြိမ်သက်သက်နဲ့ တိုင်းပြည်ကို ဖြတ်သန်းဖို့ကိစ္စကို ရည်ရွယ်ပြီးတော့ ရေပူဆရာတော်ကို အမြန်ဆုံးလွှတ်ပေးဖို့ ကျနော်တို့တောင်းဆိုတာပါ"

အဲဒီတောင်းဆိုစာမှာ သံဃာအပါး တစ်ရာကျော်နဲ့ လူမှုအဖဲ့ွအစည်း ၂၀ကျော်ရဲ့ လက်မှတ်တွေပါဝင်ပြီး သမ္မတရုံးဝန်ကြီး ဦးအောင်မင်းထံ ပေးပို့လိုက်တယ်လို့ သိရပါတယ်။

ရေပူဆရာတော်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၇ရက်နေ့က ပြင်ဦးလွင်ခရိုင်တရားရုံးမှာ တရားမဝင်ကျောက်မျက် တူးဖော်မှုနဲ့ စွဲချက်တင်လိုက်ပြီး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဒါ့အပြင် တရားမဝင်သစ်တွေ သိမ်းဆည်းမှု၊ သာသနာညိုးနွမ်းစေမှု စတဲ့ ပုဒ်မ နှစ်ခု ထပ်မံစွဲချက်တင်ထားတယ် လို့လည်း သိရပါတယ်။

ရေပူကျောင်းတိုက်ဆရာတော်ဟာ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အပြင် မိုးကုတ်မြို့ မုံအင်းမှာ ကျောက်မျက်အသင်းရုံးဆောက်တာနဲ့ ပတ်သက်ပြီး ကန့်ကွက်ရာမှာလည်း ဒေသခံတွေနဲ့အတူ ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

ရေပူဆရာတော်ရဲ့ ဒကာတစ်ဦးဖြစ်တဲ့ ဦးစိုးဌေးကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။