ရှမ်းနှစ်ပါတီ ပူးပေါင်းရေး အများသဘောထားရယူဖို့လို
2013.12.02
ကျားဖြူပါတီလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားမျာ းဒီမိုကရက်တစ်ပါတီ SNDP နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ ပူးပေါင်းရေးအတွက် ပါတီဝင်တွေရဲ့ သဘောထားနဲ့ လူထုသဘောထားရယူဖို့ ကျားဖြူပါတီဖက်က စီစဉ်ထားတယ်လို့ သိရပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက နှစ်ပါတီပူးပေါင်းဖို့ ကမ်းလှမ်းစာတွေကို ရှမ်းပြည်နယ်အတွင်းက ကျားဖြူပါတီရုံးတွေဆီ ပေးပို့ထားပြီးဖြစ်ပါတယ်။ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥပဒေပါပြဌာန်းချက်အရ နှစ်ပါတီပူးပေါင်းမယ်ဆိုရင် မူလပါတီတွေ ဖျက်သိမ်းရမှာဖြစ်သလို ကျားဖြူပါတီဝင်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ သဘောထားရယူမယ်လို့ ကျားဖြူပါတီ ဒုတိယဥက္ကဌ ဦးစိုင်းဆောင်ဆီ က ပြောပါတယ်။
“ပူးပေါင်းဖို့အတွက်က လောလောဆယ် အခက်အခဲဆုံးပြဿနာက ရွေးကောက်ပွဲကော်မတီရဲ့ ဥပဒေ၊ ပူးပေါင်းမယ့်ပါတီနှစ်ခုစလုံးက ပါတီဖျက်ရမှာ၊ အဲဒါအခက်ဆုံး ပြဿနာပဲ၊ ဒီအခက်အခဲတွေကို အရင်တင်ပြပြီး သဘောထားတွေ တောင်းဆိုမယ်၊ လိုအပ်ရင်တော့ လူထုတွေ့ဆုံပွဲလုပ်မှာပါ”
ရှမ်းနှစ်ပါတီ ပူးပေါင်းဖို့အတွက် ကျားဖြူပါတီဖက်က ကိုယ်စားလှယ် ၅ ဦးပါကော်မတီကို ဖွဲ့စည်းထားပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ညှိနှိုင်းဆွေးနွေးဖို့ ကိုယ်စားလှယ် ၅ ဦးပါတဲ့ကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်အတွင်း မြို့နယ် ၄၀ မှာ ကျားဖြူပါတီရုံးခွဲတွေ ဖွင့်လှစ်ထားပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က လက်ရှိရုံးခွဲပေါင်း ၃၀ နီးပါး ဖွင့်လှစ်ထားပြီဖြစ်တယ်လို့ သိရပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဟာ လက်ရှိပြည်ထောင်စု လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ် တတိယအများဆုံးနေရာ ရထားတဲ့ပါတီဖြစ်ပါတယ်။