ရှမ်းပြည်နယ်တောင်ပိုင်းမှာ အိမ်ငှားခစျေးတက်လို့ စစ်ဘေးဒုက္ခသည်တွေ အခက်အခဲဖြစ်နေ

RFA Burmese
2024.06.19
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အိမ်ငှားခစျေးတက်လို့ စစ်ဘေးဒုက္ခသည်တွေ အခက်အခဲဖြစ်နေ ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးနဲ့ ညောင်ရွှေမြို့မှာ အိမ်ငှားခစျေးတွေ တက်လာတာကြောင့် အိမ်ငှားနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။

အိမ်ငှားရမ်းခစျေးနှုန်းဟာ အရင်က လုံးချင်းအိမ်ကို ငွေကျပ်တစ်သိန်း၊ တစ်သိန်းခွဲခန့်သာ ရှိခဲ့ရာကနေ အခုဆိုရင် နှစ်သိန်း၊ နှစ်သိန်းခွဲခန့်ထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက လွိုင်ကော်မြို့ကနေ ထွက်ပြေးလာရပြီး ညောင်ရွှေမှာ အိမ်ငှားနေတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက အိမ်ငှားခစျေးတက်လာတာကြောင့် အခက်အခဲဖြစ်နေပြီလို့ RFA ကို ပြောပါတယ်။

“ဘုန်းကြီးကျောင်းတွေမှာ နေစရာမရှိတော့လို့ အိမ်ငှားနေရတာ။ တော်တော် အဆင်မပြေဘူး။ စားဝတ်နေရေး အတွက် အလုပ်အကိုင်မရှိဘူး။ ကိုယ့်ရဲ့ နယ်မြေမဟုတ်တဲ့အတွက် ရှာဖွေစားသောက်ဖို့တောင် အဆင်မပြေဘူး။ ဝင်ငွေမရှိတော့ အိမ်ငှားခတွေ ဖြေရှင်းဖို့အတွက်ကလည်း တော်တော်လေးအခက်အခဲရှိတယ်”

စစ်ဘေးဒုက္ခသည်အချို့ဟာ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ကြရပေမဲ့ အချို့ကတော့ နေရာ မလုံလောက်မှု ကြောင့် ရပ်ကွက်တွေထဲ ရွှေ့ပြောင်းပြီး အိမ်ငှားရမ်း နေထိုင်နေရတာလို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်က ဒေသခံသုံးသောင်းကျော်ဟာ တောင်ကြီးနဲ့ ညောင်ရွှေမြို့ကိုပဲ အဓိက ထွက်ပြေးလာကြရတာပါ။

လက်ရှိ စစ်ဘေးဒုက္ခသည်အချို့ နေရပ်တွေပြန်သွားကြတာနဲ့ အခြားမြို့နယ်တွေကို ရွှေ့ပြောင်းသွားကြတာတွေကြောင့် တောင်ကြီးနဲ့ ညောင်ရွှေမြို့မှာ ကျန်ရှိနေတဲ့ အရေအတွက်အတိအကျကိုတော့ မသိရဘူးလို့ ကူညီပေးနေသူတွေက ပြောပါတယ်။

အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ လက်ရှိမှာ အလုပ်မရှိ၊ ဝင်ငွေမရှိဖြစ်နေကြပြီး တချို့ကတော့ ခရမ်းချဉ်သီး ရွေးတာ၊ ညစျေးတန်းမှာ တစ်နိုင်တစ်ပိုင် စျေးရောင်းတာတွေ လုပ်ကိုင်နေကြပေမဲ့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။