ရှမ်းပြည်နယ် သယံဇာတတူးဖော်ရေး မြင်သာမှု ရှိအောင်လုပ်မည်


2013.12.22
meiti-taunggyi-305.jpg ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ Classics စားသောက်ဆိုင်မှာ ဒီဇင်ဘာလ ၂၃ ရက်နေ့ကကျင်းပခဲ့တဲ့ MEITI အရပ်ဖက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ ကို တွေ့ရစဉ်
photo: RFA/ Kyaw Myo Min

မြန်မာနိုင်ငံ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးဆိုင်ရာ MEITI အရပ်ဖက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး ပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ Classics စားသောက်ဆိုင်မှာ ဒီကနေ့မနက် ကျင်းပပြု လုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေထဲ က ၁၁ ဦးကို MEITI ရဲ့ ရှမ်းပြည်နယ်ဒေသ အလုပ်အမှုဆောင်တွေအဖြစ် ရွေးချယ်မှာဖြစ်တယ်လို့ ဦးဆောင်စီစဉ်သူ  မျိုးဆက်သစ်(ရှမ်းပြည်)အဖွဲ့က ကိုမိုးက ပြောပါတယ်။

"EITI လုပ်ငန်းစဉ်တွေမှာ ရှမ်းပြည်နယ်အတွင်းမှာ ရှိတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အားလုံးပါဝင်နိုင်ဖို့ရယ်၊ EITI ရဲ့ အခြေခံအကြောင်းတရားတွေ သိဖို့အတွက် ရည်ရွယ်ပြီးတော့လုပ်တာဖြစ်တယ်၊ ရှမ်းအရှေ့ပိုင်းကျတော့ ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီးတော့မှ ဒီမှာကိုယ်စားလှယ် ကျနော်တို့ရွေးချယ်မယ်၊ ရှမ်းတောင်ဘက်ကတော့ ၈ ယောက်၊ ရှမ်းအရှေ့ဘက်က ၃ ယောက်၊ ဒီနေ့ကတော့ အဲဒါကိုအပြီးသတ် ကျနော်တို့ရွေးချယ်မယ်"


ဒီဆွေးနွေးပွဲကို မျိုးဆက်သစ်(ရှမ်းပြည်)၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(ရှမ်းပြည်နယ်)၊ ပအိုဝ်းဒီမို၊ ကောင်ရွေ့အဖွဲ့၊ ရိုးမအလင်း၊ ပအိုဝ်းလူငယ်အဖွဲ့၊ အင်းလူငယ်အဖွဲ့၊ NLD ဗဟိုလူငယ်၊ မေတ္တာဖွံ့ဖြိုး ရေးဖောင်ဒေးရှင်း၊ ရှမ်းလူငယ်အဖွဲ့(ရှမ်းပြည်နယ်၊ အရှေ့ပိုင်း)၊ ရှမ်းမြောက်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နဲ့ တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့(ရွာငံ) တို့အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်း ၃၈ ဖွဲ့က ကိုယ်စားလှယ်  ၇၀ ကျော် တက်ရောက်ကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်ကနေ ၃ ရက်အထိ ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ သဘာဝသယံဇာတများ တူးဖော်ထုတ်လုပ်ခြင်း၊ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းပေါင်း ၁၃၆ ဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။