ရွှေဘိုမှာ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး သေဆုံး

RFA Burmese
2024.05.22
ရွှေဘိုမှာ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး သေဆုံး စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ရွှေဘိုမြို့နယ် ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Facebook/ ဗိုလ်မိကျောင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် မိချောင်းပင်ရွာကို မေလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲအား ပြင်းထန်တဲ့ လက်နက်ကြီးတစ်လုံး မိချောင်းပင်ရွာထဲက နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၉ နှစ်အရွယ် မနှင်းနှင်းနဲ့ အသက် ၄၀ ကျော်အရွယ် ကိုမော်လီဌေးတို့ လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီနေ့က ခြောက်လုံးပစ်တာပါ။ ငါးလုံးက ရွာပတ်ပတ်လည်ကို ကျတာ။ တစ်လုံးက ရွာထဲကို တည့်တည့်ကျတာ။ ကိုမော်လီဌေးတို့ အိမ်ကိုကျရာမှာ နှစ်ဦးသေပြီး တစ်ဦး ဒဏ်ရာရတယ်”

အဲဒီရွာတွေဘက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရွှေဘိုမြို့နယ် အမှတ် (၈) စစ်အခြေခံလေ့ကျင့်ရေးတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ ဧပြီလအထိ လေးလအတွင်းမှာ သေဆုံးသူ ၅၁၄ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူက ၁၁၅၂ ဦးအထိ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။