လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင် ကို အမှုဖွင့်


2017.09.08
shwemaung-live-622.jpg လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင် ကို တွေ့ရစဉ်
.

ရခိုင်ပြည်နယ်မှာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်ကို ဖုံးကွယ်ပြီးတော့ အကြမ်းဖက်မှုတွေ ဆက်လက်လုပ်ဆောင်လာအောင် အားပေးလှုံ့ဆော်လို့ဆိုပြီး  ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးရွှေမောင်ကို ဘူးသီးတောင်မြို့နယ် ရဲစခန်းမှာ ရဲတပ်ဖွဲ့က အမှုဖွင့်ထားပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ဈ) အရ အမှုဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့လိုလှုံ့ဆော်တဲ့ ဗီဒီယိုတွေကို ဦးရွှေမောင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ လွှင့်တင်ခဲ့တာကြောင့် အမှုဖွင့်ထား တာဖြစ်တယ်လို့ တရားလိုဖြစ်တဲ့ ဘူးသီးတောင်မြို့မ ရဲစခန်းမှူး ဒုရဲမှူးသောင်းကြွယ်က ပြောပါတယ်။

"အကြမ်းဖက် ဘင်္ဂါလီများ၏လုပ်ရပ်အပေါ် အကာအကွယ်ပြုဝါဒဖြန့်ရန်နဲ့ ဘင်္ဂါလီအကြမ်းဖက်သမားတွေက မီးရှို့ဖျက်ဆီးမှုတွေ၊ မိုင်ထောင်ဖောက်ခွဲမှုတွေ အားပေးကူညီမှုတွေ လှုံ့ဆော်ပြုလုပ်တဲ့ရည်ရွယ်ချက်ဖြင့် လူမှုကွန်ရက်မှာ ထုတ်ပြန်ခဲ့တဲ့အတွက် အရေးယူဆောင်ရွက်တာဖြစ်ပါတယ်"

အမှုကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့က ဖွင့်ထားတာဖြစ်ပေမယ့် ဦးရွှေမောင်ထံအကြောင်း မကြားရသေးဘဲ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေဆဲဖြစ်တယ်လို့လည်းဆိုပါတယ်။

ဒီအမှုကို CID ကိုလွှဲပြောင်းထားတယ်လို့လည်း ဘူးသီးတောင်မြို့မ စခန်းမှူး ဒုရဲမှူးသောင်းကြွယ်က ပြောပါတယ်။

၂၀၁၄ ခုနှစ်က ပြဌာန်းခဲ့တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ဈ)မှာ အများပြည်သူ အသုံးပြုတဲ့နေရာ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်စက်ပစ္စည်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ဒါမှမဟုတ် အခြေခံ အဆောက်အအုံတစ်ခုကို ဖောက်ခွဲတာ၊ ဖောက်ခွဲစေတတ်တဲ့ ပစ္စည်းချထားတာနဲ့ အဲဒီလိုလုပ်ဖို့ အားပေးကူညီမှု၊ လှုံ့ဆော်မှု ကြံရာပါအဖြစ် ပါဝင်ဆောင်ရွက်မှုကို ကျူးလွန်ရင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်လို့ ပါရှိပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်ဟာ ပြည်ပမှာ လက်ရှိနေထိုင်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။