တောင်သမန်အင်းနဲ့ ရွှေပြည်သာ၊ လှိုင်သာယာတို့ ရေထု ပိုမိုညစ်ညမ်း
2015.12.19

ရန်ကုန်မြို့ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ မန္တလေးမြို့က တောင်သမန်အင်းမှာ ရေထုညစ်ညမ်းမှု များတာကြောင့် ခဲသတ္တုပါဝင်နှုန်းမြင့်မားနေတယ်လို့ စိမ်းလန်းအမိမြေအသင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဒိုင်းမွန်းကွန်ဒိုမှာ ဒီနေ့ ပြုလုပ်တဲ့ မြန်မာ့ပတ်ဝန်းကျင်ရေးရာပြည်သူ့ အမြင်စစ်တမ်း သတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့ပွဲမှာ စိမ်းလန်းအမိမြေအသင်းဥက္ကဌ ဦးဝင်းမျိုးသူက ပြောလိုက်တာဖြစ်ပါတယ်။
"ရေဆိုရင်တော့ ညစ်ညမ်းမှုဟာ နေရာဒေသအလိုက်ပဲရှိမယ်လို့ အရင်ကထင်ထားတာပေါ့၊ ဒီစစ်တမ်းလေးလုပ် လိုက်တော့ ဒီရေထုညစ်ညမ်းမှုဟာလည်း နေရာအနှံ့အပြားမှာ ဖြစ်နေတယ်ဆိုတာကို မြင်ရတဲ့အခါကျတော့ ဒီရေထုညစ်ညမ်းမှုနဲ့ ပတ်သက်ပြီးတော့ ဒေသအဆင့်မှာဖြစ်တဲ့ ပြဿနာမဟုတ်ပဲနဲ့ နိုင်ငံတော်အဆင့်ပေါ့ ၊ ပြည်ထောင်စုအဆင့်မှာပါ ဖြစ်လာတဲ့ကိစ္စရပ်မျိုးဖြစ်တယ်၊ ဒါကို သက်ဆိုင်တဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက သင့်တော်တဲ့မူဝါဒတွေ၊ ဗျူဟာတွေချမှတ်ပြီး ဆောင်ရွက်သင့်တယ်ဆိုတဲ့ ဒီလိုအချက်လေးတွေကို သိထားတယ်ပေါ့လေ"
စက်ရုံအလုပ်ရုံတွေက စွန့်ပစ်လိုက်တဲ့ဓာတုပစ္စည်းတွေနဲ့ အမှိုက်တွေ ရေထဲ ကို အလွယ်တကူ စွန့်ပစ်ကြ တာတွေကြောင့် ရေ ထဲမှာ အောက်ဆီဂျင်နည်းပါးလာပြီး ဇီဝမျိုးကွဲတွေလည်း ပျက်စီးပြုန်းတီးလာတယ်လို့ ဆိုပါတယ်။
မြန်မာ့ပတ်ဝန်းကျင်ရေးရာ ပြည်သူ့အမြင်စစ်တမ်းမှာဆိုရင် သစ်တောပြုန်းတီးမှု၊ ရေထုညစ်ညမ်းမှု ၊ လေထုညစ်ညမ်းမှုနဲ့ မြေသြဇာဆုတ်ယုတ်မှုတွေကို အများဆုံးတွေ့ရှိရတယ်လို့လည်း ပြောပါတယ်။