ကမာရွတ်မြို့နယ်မှာ ဧည့်စာရင်းကြောင့် လူခြောက်ဦး အဖမ်းခံရ

2022.08.18
ကမာရွတ်မြို့နယ်မှာ ဧည့်စာရင်းကြောင့် လူခြောက်ဦး အဖမ်းခံရ ရန်ကုန်မြို့မှ ရပ်ကွက်တစ်ခုအတွင်း ဧည့်စာရင်းစစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
Photo: CJ

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်က မဟာဘောဂလမ်းကို ဩဂုတ်လ ၁၇ ရက် မနေ့ညက ဧည့်စာရင်းဝင်စစ်ရာကနေ လူခြောက်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ည ၁၀ နာရီဝန်းကျင်မှာ မဟာဘောဂလမ်းကို စစ်ကောင်စီတပ်သား၊ ရဲနဲ့ လဝက အရာရှိ စတဲ့ စုစုပေါင်း အင်အား ၂၀ လောက်နဲ့ တစ်လမ်းလုံးနီးပါးကို ဧည့်စာရင်းစစ်ဆေးခဲ့ တာဖြစ်ပြီး တိုက် အမှတ် ၁၆ မြေညီထပ်က အမျိုးသားသုံးဦးနဲ့ အမျိုးသမီး သုံးဦးကို ဖမ်း ဆီးသွားတာလို့ ဆိုပါတယ်။

အဖမ်းခံရသူတွေ ပြန်မလွတ်လာသေးဘူးလို့ ကမာရွတ်မြို့နယ်က လုံခြုံရေးအရ အမည် မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ညကတော့ လမ်းထဲက အိမ်တွေ တော်တော်များများကို ဧည့်စာရင်းစစ်သွားတာ။ မကြာခဏလည်း ဝင်စစ်တတ်တယ်။ ခြောက်ဦး အဖမ်းခံလိုက်ရတယ်။ ဘာကြောင့်ဖမ်း လဲ မသိရပေမယ့် ဟိုကောင်တွေကတော့ ဧည့်စာရင်းတိုင်ရမှာ မသိဘူးလား၊ သိရက်နဲ့ မတိုင်တာလားဆိုပြီး အော်သံတော့ ကြားမိလိုက်တယ်။ အဖမ်းခံရတဲ့သူတွေ ပြန်လွတ် လာတာတော့ မကြားမိသေးဘူး”

ဧည့်စာရင်းစစ်ချိန်မှာ အချုပ်ကားပါလာတာကြောင့် အဖမ်းခံရတဲ့ ခြောက်ဦးအပြင် တခြား ဖမ်းဆီးခံရသူတွေ ရှိ၊ မရှိ ကိုတော့ မသိရသေးဘူးလို့ ရပ်ကွက်နေသူက ဆိုပါတယ်။

အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဇူလိုင်လ ၂၆ ရက်နေ့ကလည်း ကမာရွတ်မြို့နယ်၊ အမှတ် ၅ ရပ်ကွက်မှာ ဧည့်စာရင်းစစ် ဆေးပြီးနောက် ရပ်ကွက်နေသူ လူ ၂၀ လောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီး ခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၁၅,၁၄၇ ဦးထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။