ရွှေပြည်သာ ပုလဲရိပ်မွန်အိမ်ရာက အရပ်သား သုံးဦး အဖမ်းခံရ
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ပုလဲရိပ်မွန် တန်ဖိုးနည်းအိမ်ရာကို ဖေဖော်ဝါရီ ၁၆ ရက် မနေ့ ည ၁၁ နာရီခန့်မှာ စစ်ကောင်စီတပ်သား ၃၀ လောက် ဝင် ရောက်စီးနင်းပြီး ရပ်ကွက်လူကြီး တစ်ဦး အပါအဝင် အရပ်သား သုံးဦးကို ဖမ်းသွားတယ်လို့ အနီးအနားမှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ရွှေပြည်သာဘက်နဲ့ နီးပေမယ့် အင်းစိန်မြို့နယ်ထဲမှာပါတယ်။ တန်ဖိုးနည်း အိမ်ရာပေါ့၊ လူသုံးယောက် အဖမ်းခံရတယ်၊ အဲရပ်ကွက်က လူကြီးလည်း အဖမ်းခံရတယ်။ နယ်မြေ ခံရဲတွေတောင် မဟုတ်ဘူး၊ သတင်းအတိအကျရလို့ စစ်တပ်က လာဖမ်းသွားတာလို့ သိရတယ်။ ညဘက်ဆိုတော့ ဆူညံနေတာပဲ၊ ဆင်းခဲ့စမ်း၊ ဆင်းခဲ့စမ်းဆိုတာ ကြားတယ်။ သေနတ်တွေ ဖောက်တယ်”
အဲဒီအရပ်သား သုံးဦး ဘာ့ကြောင့် အဖမ်းခံရသလဲဆိုတာကို အတိအကျ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
အခြားဒေသခံတစ်ဦးကတော့ ဖမ်းဆီးစဉ် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ပြော ပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ရွှေပြည်သာ ၁၄ လမ်းဆုံအနီးက အဲဒီအိမ်ရာကို ရဲနဲ့စစ်တပ်က ကားခြောက်စီးနဲ့ ရောက် လာပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်သလို အခုရက်ပိုင်းမှာလည်း ရွှေပြည်သာမြို့နယ်ထဲမှာ လက်ကိုင်ဖုန်းတွေကို မကြာခဏ စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာ ညဘက် ဧည့်စာရင်း အကြောင်းပြချက်နဲ့ လူနေအိမ်ရာတွေ၊ တိုက်ခန်းတွေနဲ့ ရပ်ကွက်တွေထဲမှာ ဝင်ရောက်စီးနင်း ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ရန်ကုန်နဲ့ မန္တလေး ဒေသခံတွေက ပြောကြပါတယ်။