မြင်းခြံဆန္ဒပြပွဲမှာ ပါဝင်သူ ၆ ဦး တရားစွဲဆိုခံရ


2015.04.24
six-protest-yinchan-305 မြင်းခြံမြို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ ၆ ဦးကို ဧပြီလ ၂၄ ရက်နေ့က ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးစဉ်
Photo: Hset Paing Toe/RFA

လက်ပံတန်း ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်း ဖက်ဖြိုခွဲခံရတာကို ကန့်ကွက်ကြောင်း မြင်းခြံမြို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ ၆ ဦးကို နိုင်ငံတော်အကြည်ညို ပျက်စေမှု၊ ဥပဒေနဲ့ဆန့်ကျင်တဲ့ လူစုလူဝေးမှာပါဝင်မှု၊ လူစုခွဲဖို့ကြေညာတာကို လက်မခံမှု စတဲ့ ပုဒ်မ ၃ ခုနဲ့ ဒီနေ့ တရားစွဲဆိုလိုက်ပါတယ်။

ပုဒ်မ ၃ခုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြင်းခြံ ဒီဂရီကောလိပ် ဒုတိယနှစ်ကျောင်းသား ကိုဉာဏ်မြင့်သန်းက သူတို့ကို နိုင်ငံတော်အကြည်ညို ပျက်စေမှုနဲ့ တရားစွဲဆိုတာဟာ မတရားဘူးလို့ ပြော ပါတယ်။

"၅ဝ၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှု ဆိုတာက ကျနော်တို့လုပ်တဲ့ လုပ်ရပ်တွေက ပြည်သူ့ကိုအကျိုးဖြစ်စေတယ်၊ နိုင်ငံတော်ကို အကျိုးဖြစ်စေတဲ့အတွက်ကြောင့်မို့လို့ ၅ဝ၅(ခ)တပ်တာ ကျနော်တို့ မတရားဘူးလို့ထင်တယ်၊ တကယ်တမ်း ၅ဝ၅(ခ)ဆိုတာ ကျနော်တို့ လုပ်ရပ်ကိစ္စတွေမှာ နိုင်ငံတော်ကို တစ်ခုမှပျက်စီးစေတဲ့ဟာ တစ်ခုမှမပါဘူး၊ နိုင်ငံတော်ကိုတည်ဆောက် တဲ့ဟာမျိုး ကျနော်တို့ ဒီမိုကရေစီပညာရေးတို့လိုဟာမျိုးတွေ ကျနော်တို့တောင်းဆိုတာဖြစ်တယ်၊ အဲ့ဒါကြောင့်မို့လို့ ၅ဝ၅(ခ) တပ်တာ မတရားဘူးလို့လို့ ကျနော်တို့မြင်တယ်"

အဲ့ဒီ ၆ ဦးကို မြင်းခြံထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီး သူတို့ဟာ ပြီးခဲ့တဲ့မတ်လ ၂၇ ရက်နေ့က ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ နောက်ထပ် ၄ ဦးကိုလည်း ဝရမ်းပြေး အဖြစ် ကြေညာထားပါတယ်။

မတ်လ ၂၇ ရက်နေ့က ဆန္ဒပြပွဲမှာ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက လာရောက်တားမြစ်ရာမှာ ဆန္ဒပြသူတွေအပေါ် ရိုင်းပြစွာစော်ကားပြောဆိုခဲ့တဲ့အတွက် ဖမ်းဆီးခံထားရသူတွေဘက်ကလည်း ပြန်လည် တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ပြီးခဲ့တဲ့ မတ်လ ၁ဝ ရက်နေ့က ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရတာကို ကန့်ကွက်ကြောင်း ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံမှာ ဆန္ဒပြခဲ့တဲ့ ကျောင်းသူ မပိုပိုနဲ့ ကိုဝင်းကျော့မှူးတို့ကိုလည်း ကမာရွတ်မြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။

သူတို့နှစ်ဦးအပြင် ကိုကျော်ကိုကို၊ ကိုနန္ဒာစစ်အောင်၊ ကိုရှိန်းရာဇာထွန်းနဲ့ ကိုလင်းထက်နိုင်တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဆူပူအောင်လှုံ့ဆော်မှုတို့နဲ့ ကမာရွတ်မြို့နယ် ရဲစခန်းက အမှုဖွင့်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။