တိုင်းရင်းသားဖွံ့ဖြိုးရေး တက္ကသိုလ်က ကျောင်းသားများ ဆန္ဒပြ

စစ်ကိုင်းရွာသစ်ကြီး တိုင်းရင်းသား ဖွံ့ဖြိုးရေး တက္ကသိုလ်ကို ပြောင်းရွှေ့ လိုက်ရတဲ့ ကျောင်းသား ၄၀၀ကျော်လောက်ဟာ မန္တလေး ကို ပြန်လည်ပြောင်းရွှေ့ပေးဖို့ စစ်ကိုင်းကနေ မန္တလေးကို မနေ့ညက ချီတက်ဆန္ဒပြကြပါတယ်။

2012.11.23
student_protest_305.jpg စစ်ကိုင်းကနေ မန္တလေးကို လာရောက်ဆန္ဒပြနေသော တိုင်းရင်းသား ဖွံ့ဖြိုးရေး တက္ကသိုလ်က ကျောင်းသားများကို တွေ့ရစဉ်
Photo: RFA/San Oo

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (မန္တလေး) က ကျောင်းသားတွေဟာ စစ်ကိုင်းရွာသစ်ကြီးကို ပြောင်းရွှေ့ခံရတဲ့အတွက်  မကျေနပ်လို့ ၂၇ မိုင်ကျော်လောက်ဝေးတဲ့ခရီးကို ညဘက်မှာ ပြောင်းရွှွှေလာကြတာလို့ မန္တလေးက စာနယ်ဇင်းသမားတဦးဖြစ်သူ ကိုဘဦးက ပြောပြပါတယ်။

မန္တလေး အမျိုးသား လူငယ်တိုးတက်ကြီးပွားရေး ဒီဂရီကောလိပ်က ကျောင်းသားတွေကို စစ်ကိုင်းရွာသစ်ကြီးကို ပြောင်းရွှေ့လိုက်တာနဲ့ ပတ်သက်လို့  မန္တလေးမှာပဲ ပညာဆက်လက် သင်ကြားခွင့်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ကျောင်းသားတွေက အောက်တိုဘာ ၅ ရက်နေ့စွဲနဲ့ အသနားခံစာ တင်သွင်းခဲ့ပါတယ်။

စစ်ကိုင်းရွာသစ်ကြီးကျောင်းကို  ဦးနေဝင်းလက်ထက်က စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်မန္တလေးကို ၂ဝဝဝ ပြည့်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

တောင်ပေါ်ကျေးလက် ဝေးလံသီခေါင်တဲ့ဒေသက ဆင်းရဲနွမ်းပါးတဲ့ကျောင်းသားတွေဟာ ဒေသဖွံ့ဖြိုးရေးအတွက် လာရောက်ပညာသင်ကြားကြတာပါ။

စစ်ကိုင်းရွာသစ်ကြီးမှာ နေရာထိုင်ခင်းကအစ အဆင်မပြေဘဲ အခက်အခဲတွေနဲ့ ကြုံတွေ့ရတာကြောင့် မန္တလေးမှာပဲ ဆက်လက် ပညာသင်ကြားလိုတယ်လို့ ဆိုပါတယ်။

ကျောင်းသားတွေဟာ အထုပ်အပိုးတွေနဲ့ မန္တလေးကို ပြန်ပြောင်းလာတဲ့ သဘောမျိုးနဲ့ ချီတက်ဆန္ဒပြကြတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။