ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်း ထောင်ဆယ်နှစ်ထပ်တိုးချခံရ
2024.02.29

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-ည နဲ့ ထောင်ဒဏ်ဆယ်နှစ် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ထပ်မံအမိန့်ချလိုက်တယ်လို့ သူနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ကိုဖိုးသားက ပြောပါတယ်။
ဒီနေ့ သူကို ထောင်ဆယ်နှစ်ထပ်ချလိုက်တယ်လို့ သူနဲ့အတူ အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ကိုဇော်လင်းထွဋ်(ခ) ကိုဖိုးသားက ပြောပါတယ်။
"သူက ၅၀၅ (က) သုံးနှစ်ရယ်၊ မှတ်ပုံတင်အတုပြုလုပ်မှုနဲ့ နှစ်နှစ်ရယ် ငါးနှစ်ဆိုတော့ မလွတ်ဘူး၊ ကျွန်တော်လွတ်ပြီး သုံးလလောက်နေတော့ ၅၀ ည နဲ့ တရားထပ်ဆွဲတယ်၊ သူက နောက်အမှုထပ်ထွက်ရတယ် ကျွန်တော်က ဝရမ်းပြေးဖြစ်တယ်၊ ခုတော့ ဒီနေ့မှာ သူက ဆယ်နှစ်ကျသွားတယ်၊ အားလုံးပေါင်း ၁၅ နှစ် ဖြစ်သွားတာပေါ့"
ကိုဇော်လင်းထွဋ်(ခ) ဖိုးသားနဲ့ မဆုရည်လင်း (ခ) လင်းလင်း နှစ်ယောက်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မှာကျင်းပတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ အသွားလမ်းမှာ ဖမ်းဆီးခံခဲ့ရတာပါ။ သူတို့နှစ်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)နဲ့ ၂၀၂၂ မတ်လ ၃၁ ရက်နေ့မှာ ထောင် သုံးနှစ် ချမှတ်ခဲ့ပါတယ်။
ကိုဖိုးသားကတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး မဆုရည်လင်းကတော့ ထပ်တိုးပြစ်ဒဏ်ချမှတ်ခံရတာကြောင့် အခုဆို စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ် ကျခံရမှာပါ။
မလင်းလင်းကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ သပိတ်တွေကို ဦးဆောင်ခဲ့တဲ့သူတွေထဲက တစ်ဦး ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ စစ်ကောင်စီက ဖမ်းဆီးခဲ့သူ နှစ်သောင်းခြောက်ထောင်ကျော်(၂၆၂၀၄ ဦး) ရှိပြီး အဲဒီအထဲက တချို့ပြန်လွတ်ခဲ့ပေမဲ့ နှစ်သောင်းကျော်(၂၀၁၅၆ ဦး) ဟာ အကျဉ်းထောင်တွေမှာ ဆက်လက်ဖမ်းဆီးခံနေရတယ်လို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောက်ရေးအသင်း (AAPP) စာရင်းတွေအရ သိရပါတယ်။