ကျောင်းသားတွေ ဆန္ဒပြတောင်းဆို
2017.08.06

ပညာရေးဝန်ကြီးဌာနက ဆရာ၊ ဆရာမတွေကို ခန့်အပ်ရာမှာ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပညာရေးတက္ကသိုလ်ကျောင်းသားတွေက ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
အလုပ်ခန့်အပ်တဲ့နေရာမှာ နောက်ကျတဲ့အတွက် ဝန်ထမ်းလုပ်သက်တွက်ချက်တဲ့နေရာမှာ နောက်ကျကြောင်း ဒီကနေ့ ရန်ကုန်ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုစိုးသူရကျော်က ပြောပါတယ်၊၊
"အခုလက်ရှိအခြေအနေ ကျနော်တို့ဆီမှာ ဆရာခန့်ထားရေး မူဘောင်မရှိတဲ့အတွက်ကြောင့်မို့လို့ လုပ်ငန်းခွင်ဝင်တဲ့အခါမှာ အခုလိုမျိုးပေါ့ နောက်ကျမှုတွေဖြစ်လာတယ်၊ ခါတိုင်းဆိုလို့ရှိရင် ပညာသင်နှစ်မစခင် ၅ လပိုင်းလောက်ကတည်းက တာဝန်ထမ်းဆောင်ရမယ့်နေရာက ကျနေရမှာပေါ့ ဒါပေမဲ့ ၅ လပိုင်းထဲမှာလည်း ကျမလာဘူး၊ ကျနော်တို့ အခု ၈ လပိုင်းထဲမှာမှ ကျလာတယ်"
မန္တလေးမြို့က ဆန္ဒပြတောင်းဆိုပွဲမှာ စစ်ကိုင်းနဲ့ မန္တလေး ပညာရေးတက္ကသိုလ်က ကျောင်းသားကျောင်းသူ ၃ဝဝ ကျော် ပူးပေါင်းပါဝင်ကြတာဖြစ်ပြီး ရန်ကုန်မြို့မှာတော့ ပညာရေး တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ ပါဝင်ကြပါတယ်။
ဆန္ဒပြသူတွေဟာ လက်ရှိကျင့်သုံးနေတဲ့ ဆရာ၊ ဆရာမ ခန့်ထားမှုပုံစံဟာ တရားမျှတမှုမရှိတဲ့အပြင် ပွင့်လင်းမြင် သာမှုလည်း မရှိတဲ့အတွက် ခန့်ထားမှု မှုဘောင်အသစ် ရေးဆွဲပြဌာန်းပေးဖို့ စတာတွေကို တောင်းဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ပညာရေးတက္ကသိုလ်ကနေ ကျောင်းပြီးသွားပြီး အလုပ်မရသေးတဲ့ ဆရာ၊ ဆရာမတွေကလည်း သတင်းစာရှင်းလင်းပွဲကျင်းပပြီး အလားတူ တောင်းဆိုကြပါတယ်။ လက်ရှိ ကျောင်းပြီးစ အလုပ်မရသေးတဲ့ ဆရာ ဆရာမ ၇ဝဝဝ လောက်ရှိနေကြောင်း ပြောပါတယ်။