မန္တလေး ချမ်းမြသာစည်မြို့နယ်က ကျူးကျော်တွေကို အင်အားသုံး ဖယ်ရှား


2018.11.14
sweeping-mdy-slum-houses-622.jpg မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းနဲ့ ၇၅ လမ်း အနီးက ကျုးကျော်နေအိမ်တဲတွေကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နဲ့ ရဲတပ်ဖွဲ့က ၂၀၁၈၊ နိုဝင်ဘာ ၁၄ ရက်နေ့က ဖယ်ရှားစဉ်
Photo: Khaymani Win/ RFA

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းနဲ့ ၇၅ လမ်း အနီးက ကျုးကျော်နေအိမ်တဲ အလုံး ၈၀ ကျော်နဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ အိမ်တချို့ကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နဲ့ ရဲတပ်ဖွဲ့က ဒီနေ့ မနက်ပိုင်းမှာ အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်ဝန်းကျင်က မင်္ဂလာ မန္တလေးစီမံကိန်း ဆောက်လုပ်စဉ်က ပါလာတဲ့ အလုပ်သမားတချို့ဟာ ပြန်လည်ရွှေ့ပြောင်းတာ မရှိတော့ဘဲ အဲဒီ နေရာအနီးတစ်ဝိုက်မှာ ကျူးကျော်တွေအဖြစ် နေထိုင်ခဲ့ကြတာဖြစ်ပြီး သူတို့ကိုပါ ဖယ်ရှားခဲ့တာလို့ သိရပါတယ်။

အဲဒီနေရာမှာနေထိုင်တဲ့ ကျူးကျော် နေအိမ်တွေကို ဖျက်သိမ်းဖယ်ရှားပေးဖို့ နိုဝင်ဘာလ ၁၂ ရက်နေ့က စည်ပင်က အကြောင်းကြားစာ ပေးပို့ထားခဲ့တယ်လို့ သိရပေမယ့် ဘာကြောင့် ဖယ်ရှားသလဲဆိုတာ မန္တလေးမြို့တော် စည်ပင်သာယာရေးဦးစီးဌာနကို မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။

ဒီနေ့ ကျူးကျော်အဖြစ် အတင်းအကျပ် ဖယ်ရှားခံရတဲ့ နေအိမ်တွေထဲမှာ ပိုင်ဆိုင်မှု အငြင်းပွားမှု ဖြစ်နေတဲ့ နေအိမ်တွေလည်း ပါဝင်ပါတယ်။

ဒီအထဲက ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်တင်လှဟာ ချမ်းမြသာစည်မြို့နယ်၊ အုံအင်းကွင်း မန္တလေး-ပြင်ဦးလွင် ရထားလမ်းထောင့်က မြေ ၁ ဧက ကျော် ပိုင်ဆိုင်ပြီး မြေပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာကို စာတင်ပြီး တောင်းဆိုနေတဲ့အချိန်မှာ ကျူးကျော်ဆိုပြီး အခုလို ဖယ်ရှားရှင်းလင်းတာက တရားမျှတမှုမရှိဘဲ အနိုင်ကျင့်တဲ့ပုံ ဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

ဒေါ်တင်လှ ပိုင်ဆိုင်တဲ့ မြေကို ၁၉၉၉ ခုနှစ်က စီမံကိန်းအတွက် လျော်ကြေးပေးတာမရှိဘဲ သိမ်းယူခံခဲ့ရတာဖြစ်ပြီး မြေပြန်ရဖို့ တောင်းဆိုနေတဲ့အချိန်မှာ အောင်မြင်သူ ကုမ္ပဏီကို ဂရံချထားပေးတာကို သိရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

စာတွေ အဆင့်ဆင့်တင်ပြထားပေမယ့် အခုလိုဆောင်ရွက်ထားပြီး လယ်ယာမြေတွေကို လိမ်ယူထားခြင်းမရှိကြောင်း တောင်သူ ဒေါ်တင်လှ က ပြောပါတယ်။

"အမေတွေ၊ အဖေတွေ လက်ထက်ကတည်းက တောင်သူ လုပ်စားခဲ့တာ။ လယ်ကွက်ကြီးထဲမှာဆိုရင် ချည်မျှင်ရွှေဝါတွေလည်း စိုက်ခဲ့ရတယ်။ စပါးတွေလည်း စီမံကိန်းချပြီး စိုက်ခဲ့ရတယ်။ နှစ်ပေါင်းများစွာ လုပ်ကိုင်စားခဲ့တာကို အခုအချိန်ကျမှ ဇွတ်ဖျက်ခိုင်းတယ်။ ခေါ်စစ်ပေမယ့် အမှုတွဲတွေကို မတင်ခဲ့ဘူး။ ဘာမှမလုပ်ပဲနဲ့ အခုလိုလုပ်တာ ဖျက်မပေးနိုင်ဘူးလေ။ ဖျက်ခိုင်းတာ ဖျက်ပေးစရာလား"

မန္တလေးစည်ပင်နဲ့ အာဏာပိုင်တွေကတော့ အဲဒီမြေနေရာကို အောင်မြင်သူ ကုမ္မဏီက က ပိုင်ဆိုင်တဲ့အတွက် အခုလ ၁၂ ရက်နေ့က နောက်ဆုံးထား ထွက်ပေးဖို့အတွက် ချမ်းမြသာစည်မြို့နယ် အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုးပြီး ၈ ရက်နေ့က အသိပေးအကြောင်းကြားစာ ပေးပို့ထားတယ်လို့ သိရပါတယ်။

ကျူးကျော်ဆိုပြီး ဖယ်ရှားခံခဲ့ရတဲ့ ကိုမင်းမင်းစိုး က အဲဒီမြေကို ရောင်းထားခြင်းမရှိသလို လျော်ကြေးလည်း ယူထားတာမရှိဘူးလို့ ပြောပါတယ်။

"အခုအစိုးရလက်ထက်မှ ပြန်တောင်းတာ။ စစ်အစိုးရလက်ထက်မှာ သိမ်းထားတာ။ ပြန်ပေးမယ်ဆိုလို့ ပြန်တောင်းတာ။ ပြန်တောင်းတဲ့အချိန်မှာ စစ်အစိုးရလက်ထက်မှာ ပေါင်းပြီးတော့ ဒီမြေကို အောင်မြင်သူက ပိုင်ပါတယ်ဆိုပြီး လုပ်ထားတာ။ နစ်နာကြေးက အစိုးရဆီကလည်း ယူမထားဘူး။ ဘယ်ကမှ ယူမထားဘူး"

အောင်မြင်သူ ကုမ္ပဏီအုပ်စုဟာ  စားအုန်းဆီရောင်းဝယ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ မန္တလေးမြို့တွင်း လိုင်းကားပြေးဆွဲတဲ့လုပ်ငန်း အပါအဝင် ကုန်စည်မျိုးစုံ ရောင်းဝယ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်တာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ အစိုးရ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အဲဒီမြေနေရာကို ပိုင်ဆိုင်တယ်ဆိုတဲ့ အောင်မြင်သူ ကုမ္မဏီ ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ခံဖြေကြားတာ မရှိခဲ့ပါဘူးရှင်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်းက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။