ထိုင်းရောက် မြန်မာလုပ်သား များ နေထိုင်သွားလာခွင့် ကန့်သတ်ခံရ


2016.03.20

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို မတ်လ ၁၈ ရက်နေ့ ကစပြီး အလုပ်သမား ဗီဇာသက်တမ်းတိုးခွင့် မပြုတော့ပဲ သက်ဆိုင်ရာနယ်မြေမှာပဲ နေထိုင်ခွင့်ရှိတဲ့ ပန်းရောင်အသိအမှတ်ပြု ကဒ်ပြားတွေ ကိုသာ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

အလုပ်သမားတွေကို သက်ဆိုင်ရာနယ်မြေမှာပဲ နေထိုင်သွားလာခွင့်တွေ ကန့်သတ်လိုက်တာကို ပယ်ဖျက်ပေးဖို့ ထိုင်းအစိုးရ တာဝန်ရှိသူတွေကို တွန်းအားပေး သွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံ မဟာချိုင် အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ယက် (MWRN) အဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

"၁၈ ရက်နေ့မတိုင်ခင် လျှောက်လွှာတင်ထားတဲ့ပုဂ္ဂိုလ်များကိုတော့ ဗီဇာသက်တမ်းတွေတိုးပေးမှာဖြစ်ပြီး အဲ့နောက်ပိုင်းမှာ လျှောက်လွှာ မတင်ထားတဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ ၂ နှစ်စာ ပန်းရောင်ကဒ်တွေကို ကိုင်ဆောင်ရမယ်လို့ အတိအလင်းကြေညာထားပြီးဖြစ်ပါတယ်၊ အလုပ်သမားတွေရဲ့ သွားမှု၊ လာမှု၊ လူမှုဖူလုံရေး၊ အစရှိတဲ့ခံစားခွင့်တွေကို ရရှိခံစားထားတဲ့ဘဝကနေ အခုလို မိမိသက်ဆိုင်ရာနေရာမှာပဲ ကျဉ်းကျဉ်းကျုံ့ကျုံ့နေထိုင်ရမယ့်ဘဝကို ပြန်လည် နှိမ့်ချလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမားအခွင့်အရေးနှိမ့်ကျသွားတာ ကို ပြန်လည်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပါတယ်"

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေ ဒီနေ့ ထိုင်းနိုင်ငံ မဟာချိုင်မြို့က ဝပ်ထစ်ဘုန်းတော် ကြီးကျောင်းမှာ တွေ့ဆုံရာမှာ ထိုင်းအစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့တာပါ။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ လွတ်လပ်စွာ သွားလာခွင့်ရဖို့နဲ့ အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့အတွက် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်ပေး ဖို့ မြန်မာအစိုးရသစ်ကို တိုက်တွန်းသွားမယ်လို့လည်း ဦးအောင်ကျော်က ပြောပါတယ်။

အလုပ်သမား ဗီဇာနဲ့သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဟာ ထိုင်းနိုင်ငံအတွင်းမှာ လွတ်လပ်စွာသွားလာခွင့်ရှိခဲ့ပြီး အခု ထုတ်ပေးမယ့် ပန်းရောင် ကဒ်ကိုင်ဆောင်သူတွေဟာ ခွင့်ပြုထားတဲ့ နယ်မြေအတွင်းမှာသာ သွားလာနေထိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ပန်းရောင်အသိအမှတ်ပြု ကဒ်ပြားရရှိဖို့အတွက် ထိုင်းဘတ်ငွေ ခြောက်ထောင်နီးပါး ကုန်ကျမှာဖြစ်ကြောင်းလည်း ထိုင်းအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။