ထိုင်းမှာ အဖမ်းခံထားရသူ ၂၅၈ ဦး နေရပ်ပြန်ပို့ဖို့ ဆန္ဒပြတောင်းဆို

RFA Burmese
2024.01.02
ထိုင်းမှာ အဖမ်းခံထားရသူ ၂၅၈ ဦး နေရပ်ပြန်ပို့ဖို့ ဆန္ဒပြတောင်းဆို နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများအား ထိန်းသိမ်းသည့် ရနောင်းမြို့လူဝင်မှုကြီးကြပ်ရေးဌာန အဆောက်အအုံအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ထိုင်းနိုင်ငံ၊ ရနောင်း လူဝင်မှုကြီးကြပ်ရေးဌာန(လဝက) ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၂၅၈ ဦးက နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် သူတို့ကို နေရပ်ပြန်ပို့ပေးဖို့ ဇန်နဝါရီ ၂ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ ထိုင်းအခြေစိုက် Khaosod English သတင်းမှာ ဖော်ပြပါတယ်။

မြန်မာအလုပ်သမားတစ်ဦးက "ကျွန်တော်တို့ကို လွှတ်ပေးပါ" ဆိုပြီး ထိုင်းဘာသာစကားနဲ့ ရေးသားထားတဲ့ စက္ကူကတ်ပြားတစ်ခုကို ကိုင်ဆောင်ပြီး အဆောက်အဦထဲကနေ ဆန္ဒပြနေတဲ့ပုံကိုလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံသားတွေကို ငါးထပ်အဆောက်အဦမှာ ဖမ်းဆီးထားတာပါ။ ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြသူတွေက ထိုင်းလဝက အရာရှိတွေ အဆောက်အဦထဲဝင်လာလို့ မရအောင် အောက်ဆုံးထပ်က တံခါးတွေကို အထဲကနေ တွန်းပိတ်ထားပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒီအခြေအနေတွေကို ထိန်းသိမ်းဖို့ ရနောင်း လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးက ခရိုင်ရဲတပ်ဖွဲ့ဌာနချုပ်နဲ့ စစ်ဘက်ဌာန အထူးတပ်ဖွဲ့တို့ကို အကူအညီတောင်းခံတာကြောင့် အဆောက်အဦရှေ့ကို အရာရှိ ၆ဝ လောက် ရောက်ရှိလာခဲ့ပါတယ်။

ထိုင်းအရာရှိတွေနဲ့ ဆန္ဒပြအလုပ်သမားခေါင်းဆောင်တချို့ တစ်နာရီကြာ အပြန်အလှန်ဆွေးနွေးပြီးတဲ့နောက် အဆောက်အဦထဲ ဝင်ရောက်ခွင့်ရပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ထိုင်းလဝက တာဝန်ရှိသူတွေက ထိန်းသိမ်းခံအလုပ်သမားတွေကို နေရပ်ပြန်ပို့ရေး မြန်ဆန်စေဖို့ ရနောင်းခရိုင် မြန်မာအလုပ်သမားဦးစီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် လာမဲ့အပတ်ကစပြီး တဖြည်းဖြည်းချင်းစီ ပြန်လည် ပို့ဆောင်ပေးနိုင်တော့မယ်လို့ မျှော်လင့်ရကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံသား အမျိုးသား ၂၁ဝ ဦး၊ အမျိုးသမီး ၄၈ ဦး ဖမ်းဆီးခံထားရတာဖြစ်ပြီး သူတို့ထဲက အများစုဟာ ၂ဝ၂၃ နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာမှုနဲ့ တရားစွဲခံခဲ့ရသူတွေပါ။ သူတို့ရဲ့ အမှုတွေကိုတော့ ပိတ်သိမ်းလိုက်ပြီဖြစ်ပေမဲ့ ပြည်နှင်ဒဏ်ပေးပြီး နေရပ်ပြန်ပို့ဖို့ ရနောင်းလဝကမှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။