နိုင်ငံရေးသမားကြီး သခင်တင်မြ ကွယ်လွန်
2015.02.28
မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာဦးဆောင်ပါဝင်ခဲ့တဲ့ ဝါရင့်နိုင်ငံရေး သမားကြီးတစ်ဦးဖြစ်သူ သခင်တင်မြဟာ ဒီနေ့မနက် ၇ နာရီခန့်က ဒဂုံမြို့သစ်အရှေ့ပိုင်းနေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
သခင်တင်မြဟာ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိပြီဖြစ်ပြီး မအူပင်ခရိုင်၊ ဓနုဖြူဇာတိဖြစ်ပါတယ်။ ဒို့ဗမာ အစည်းအရုံးဝင် သခင်များထဲမှာ အသက်အငယ်ဆုံးဖြစ်ပါတယ်။ သခင်တင်မြဟာ ရိုးသားကြိုးစားသူတစ်ဦးဖြစ် တယ်လို့ ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးဖြစ်သူ ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောပါတယ်။
"သခင်တင်မြက ပထမဆုံး အင်္ဂလိပ်တော်လှန်ရေးကို သူလုပ်လာခဲ့တယ်၊ သူနဲ့ သခင်ဘအေးရဲ့ညီ ကိုသန့်နဲ့ သူကနှစ်ယောက်လာပြီးတော့ အရေးတော်ပုံပါတီပေါ့လေ၊ တော်လှန်ရေးအဖွဲ့တွေဖွဲ့ဖို့ရာ လာပြီးတော့ သူတို့ဖွဲ့တယ်၊အဲ့ဒီကစပြီးတော့ သခင်တင်မြ နေခဲ့ပါတယ်၊ ရိုးသားတယ် ကြိုးစားတယ်၊ သူက အတန်းဘယ်လောက်မှမရှိဘဲနဲ့ အင်္ဂလိပ်စာအုပ်အကြီးကြီးတွေ ဖတ်နိုင်တယ်၊ ဥပမာ သခင်စိုး ကျောင်းယူပြီးတော့ပေါ့ဗျာ၊ တော်တော့ကို ကြိုးစားတဲ့ပုဂ္ဂိုလ်ပါ"
သခင်တင်မြဟာ ၁၉၄ဝ ပြည့်နှစ် သာယာဝတီမှာ ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ဒို့ှဗမာ အစည်းအရုံး ညီလာခံအပြီး အင်္ဂလိပ်အစိုးရက ဖမ်းဆီးထောင်ချတာခံခဲ့ရပါတယ်။ ဒါ့အပြင် ဂျပန်ခေတ်မှာလည်း ဂျပန်ကို တော်လှန်ဖို့ ဗမာပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ တပ်တွင်းစည်းရုံးရေး လုပ်ငန်းတွေလုပ်ခဲ့သူဖြစ်ပါတယ်။
၁၉၆ဝ ခုနှစ် အဖမ်းခံရပြီး နာမည်ကျော် ဘုံဘဝမှာဖြင့် ကိုယ်ရေးအတ္ထုပ္ပတ္တိကို ထောင်တွင်းမှာ ရေးသားခဲ့သူဖြစ် ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ထောင်ကလွတ်မြောက်လာပြီး ဘုံဘဝမှာဖြင့် အခန်းဆက်ဆောင်းပါးကို မြဝတီမဂ္ဂဇင်း မှာ အခန်းဆက်ဖော်ပြခဲ့ပါတယ်။