ရခိုင်ပြည်နယ် ပဋိပက္ခ ထောင်ဒဏ် နှစ် ၃ဝ စီကျ
2014.12.18

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာပါဝင်ခဲ့သူ မွတ်စလင် ၃ ဦးကို သံတွဲခရိုင်တရားရုံးက ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ထောင်ဒဏ် နှစ် ၃ဝ စီ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
သူတို့ ၃ ဦးကို လူသတ်မှုအတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ ပူးပေါင်းကြံစည်မှု အတွက် ထောင်ဒဏ် ၁ဝ နှစ်စီ အပြစ်ပေး လိုက်တာဖြစ်တယ်လို့ သံတွဲမြို့နယ် ရဲအရာရှိတစ်ဦးကပြောပါတယ်။ ထောင်ဒဏ် တသက်တစ်ကျွန်းပြစ်ဒဏ်ဟာ အနှစ် ၂ဝ နဲ့ ညီမျှတဲ့ဲ့အတွက် အခု တရားခံတွေဟာ ယေဘုယျ အားဖြင့် ထောင်ဒဏ် အနှစ် ၃ဝ စီကျခံရမှာဖြစ်ပါတယ်။
"တရားခံ ဟာမစ် ခေါ် တင်လှိုင်စိုး၊ နောက် ခင်မောင်လွင်၊ ငတာ ခေါ် လှမြင့်တို့ ၃ ဦးကို ပြစ်မှုပုဒ်မ ၃၀၂ ( ၁ ) / ၃၄ အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ပြစ်မှုပုဒ်မ ၃၂၆ / ၃၄ အရ ထောင် ၁၀ နှစ်စီ သီးခြားစီကျခံစေ၊ သူတို့ ၃ ယောက်က ၃၀၂ ( ၁ ) အရ လူသတ်မှုပေါ့နော်၊ ၃၄ ဆိုတာကတော့ သူတို့ ၃ ယောက်အတွက် ပူးပေါင်းပြီးလုပ်တဲ့အတွက် သူတို့ ၃ ယောက်ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပြင် ကျန်တဲ့ ၄ ယောက်ကလဲ ဒဏ်ရာရသေးတာကိုး၊ အဲ့ဒီအတွက် ပြစ်မှုပုဒ်မ ၃၂၆/ ၃၄ အဲ့ဒါက ၃၂၆ ဆိုတာကတော့ ထိခိုက်နာကျင်အောင် ဓါးနဲ့ခုတ်တဲ့ ဒဏ်ရာတွေပေါ့၊ ၃၄ ဆိုတာကတော့ သူတို့ပူးပေါင်းပြီးလုပ်တဲ့အတွက်ထည့်တာ"
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂ ရက်နေ့က တောင်ကုတ်မြို့ကနေ သံတွဲမြို့ကို ဆိုင်ကယ်နဲ့ လာရောက် သူ ၆ ဦးကို သံတွဲမြို့နယ် လင်းသီကျေးရွာနားမှာ လူ ၁ဝ ဦးက တားဆီးပြီးရိုက်နှက်ခဲ့တဲ့အတွက် ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီအမှုနဲ့ပတ်သက်ပြီး တရားခံ ၁ဝ ဦးထဲက ကျန်တဲ့ လူ ၇ ဦးကိုလည်း ပြင်းပြင်းထန်ထန်နာကျင်စေမှု၊ အုပ်စုဖွဲ့ရိုက်နှက်မှု စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁ နှစ်ကနေ ၁ဝ နှစ်အထိ ချမှတ်ခဲ့ကြောင်း သိရပါတယ်။