မုံရွာမှာ ဖမ်းဆီးခံရတဲ့လူငယ် ၂၄ နာရီအတွင်း သေဆုံး

2021.08.26
မုံရွာမှာ ဖမ်းဆီးခံရတဲ့လူငယ် ၂၄ နာရီအတွင်း သေဆုံး စစ်ကောင်စီ အဖွဲ့ဝင်တွေဖမ်းဆီးပြီး နောက်တစ်နေ့မှာ သေဆုံးသွားတဲ့ မုံရွာမြို့က ကိုသက်နိုင်စိုးကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း မုံရွာမြို့မှာနေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ကိုသက်နိုင်စိုးကို စစ်ကောင်စီ အဖွဲ့ဝင်တွေက ဩဂုတ်လ ၂၄ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ၂၄ နာရီမပြည့်ခင်မှာပဲ မိသားစုကို အလောင်းလာထုတ်ခိုင်းခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"ပါးလေးတွေမှာ ဆေးလိပ်မီးနဲ့ထိုးထားတဲ့ အညိုရောင်လေးတွေလည်း တွေ့တယ်၊ နောက်ဘက် ဇက်ပိုးမှာ အိနေတဲ့ဟာလည်း တွေ့ရတယ်၊ နောက်ဇက်ကို ရိုက်သတ်တာ၊ နောက်ဇက်မှာပဲ ရိုက်ထားတယ်၊ နားလေး တွေထဲက နည်းနည်းသွေးတွေထွက်နေတယ်၊ လက်ကို ကြိုးချည်ထားတဲ့အရာတွေလည်းတွေ့တယ်" လို့ ကိုသက်နိုင်စိုးရဲ့ မိခင်ဖြစ်သူက ဆိုပါတယ်။

ကိုသက်နိုင်စိုးကို ဩဂုတ်လ ၂၄ ရက်ညမှာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီးနောက် သေဆုံးသွားပြီဖြစ် ကြောင်း ဩဂုတ်လ ၂၅ ရက် နံနက် ၂ နာရီမှာ မိသားစုကို အကြောင်းကြားလာတာဖြစ်ပြီး မနေ့ ညနေ ၅ နာရီမှာပဲ ကိုသက်နိုင်စိုးရဲ့ ရုပ်အလောင်းကို မုံရွာမြို့၊ မြို့မသုသာန်မှာ သင်္ဂြိုဟ်ခဲ့ရတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

စစ်ကောင်စီဟာ ကိုသက်နိုင်စိုးရဲ့ ရုပ်အလောင်းကို မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထုတ်ပိုးထားပြီးသား ရုပ်အလောင်းကို သယ်ဆောင်ဖို့ သုခဟိတနာရေးကူညီမှုနဲ့ သွေးလှူရှင်အသင်းထံ အကြောင်းကြားလာတာလို့ အသင်းရဲ့ အမည်မဖော်လိုသူ အဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

ကိုသက်နိုင်စိုးဟာ မုံရွာမြို့၊ ရတနာပုံရပ်ကွက်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းထွက်ပေါ် နေခဲ့ပေမယ့် ဖမ်းဆီး ခံရတဲ့နေရာနဲ့ ဘာကြောင့်အဖမ်းခံရတယ်ဆိုတာကို မသိသေးသလို အဖမ်းမခံရခင် ဩဂုတ်လ ၂၃ ရက်နေ့ ကလည်း မုံရွာမြို့က ကိုသက်နိုင်စိုး နေထိုင်ရာနေအိမ်ကို စစ်ကောင်စီအဖွဲ့ဝင်တွေ လာရောက်ရှာဖွေခဲ့ တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

အဲယားကွန်ပြင်တဲ့အလုပ်ကို လုပ်ကိုင်တဲ့ ကိုသက်နိုင်စိုးဟာ မိသားစုထဲမှာ အငယ်သုံးသားဖြစ်ပြီး မိခင်ဖြစ်သူ အစ်မဖြစ်သူတွေနဲ့အတူ နေထိုင်နေသူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။