အထက်ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ဒေသခံ ၈၀၀၀ အိုးအိမ်မဲ့ဖြစ်ရ

ရှမ်းပြည်နယ် အနောက်တောင်ပိုင်း နေပြည်တော်အနီးမှာ တည်ဆောက်နေတဲ့ အထက်ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ဒေသခံ ပြည်သူ ၈၀၀၀ (ရှစ်ထောင်) ကျော်ဟာ နေရပ်ဒေသတွေကနေ ပြောင်းရွှေ့ပေးရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ရတော့မည့် အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပြီး ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေလည်း ကြုံနေကြရတယ်လို့ သိရပါတယ်။

2011.05.31
paunglaung_dam_report_305_z.JPG ရှမ်းပြည်နယ်အနောက်တောင်ပိုင်း နေပြည်တော်အနီးမှာတည်ဆောက်နေတဲ့ အထက်ပေါင်းလောင်းဆည်စီမံကိန်းကြောင့် ဒေသခံပြည်သူ ၈၀၀၀ (ရှစ်ထောင်) ကျော်ဟာ နေရပ်ဒေသတွေကနေ ပြောင်းရွှေ့ပေးရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ရတော့မည့် အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပြီး ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေလည်း ကြုံနေကြရတဲ့အကြောင်း ကယန်းလူငယ်အဖွဲ့က ထုတ်ပြန်ထားသော အစီရင်ခံစာ။
KNGY

ပျဉ်းမနားမြို့ရဲ့ အရှေ့တောင်ဖက်၊ နေပြည်တော်နဲ့ ကီလိုမီတာ ၅၀ လောက်အကွာမှာ နေပြည်တော်ကို လျှပ်စစ်ဓါတ်အား ပေးဖို့အတွက်ဆိုပြီး ၂၀၀၄ - ၂၀၀၅ ခုနှစ်ကတည်းက စတင် တည်ဆောက်နေတဲ့ အထက် ပေါင်းလောင်းဆည် ရေကာတာ စီမံကိန်းကြီးကို ဥရောပ နဲ့ တရုတ် နိုင်ငံတွေက ရင်းနှီး မြုပ်နှံသူတွေနဲ့ မြန်မာ စစ်အစိုးရတို့ ပူးပေါင်း တည်ဆောက်နေပါတယ်။

စစ်တောင်းမြစ်ရဲ့ မြစ်လက်တက် တစ်ခုဖြစ်တဲ့ ပေါင်းလောင်းမြစ်ရဲ့ မြစ်ညာပိုင်းမှာ တည်ဆောက်နေတဲ့ ရှမ်းပြည်နယ် အတွင်းက ဒီရေအား လျှပ်စစ်စီမံကိန်းကနေ လျှပ်စစ်ဓါတ်အား ၁၄၀ မီဂါဝပ် ထုတ်လုပ်နိုင်ဖို့ လျာထားပြီး တည်ဆောက်ရေး လုပ်ငန်းတွေဟာလည်း ၆၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့ သိရပါတယ်။

ဒီစီမံကိန်း တည်ဆောက် ပြီးစီးတော့မည့် ကာလမှာပဲ နေပြည်တော် အရှေ့ပိုင်းတိုင်း စစ်ဌာနချူပ် တိုင်းမှူးကနေ ကျေးရွာ ၂၃ ရွာက ရွာလူကြီးတွေကိုခေါ်ယူပြီး စီမံကိန်းပြီးရင် ရေနစ်မြုပ်ခံရတော့မည့် နေရာတွေကို မြေပုံနဲ့ ပြသခဲ့ပြီး လာမည့် အောက်တိုဘာလ နောက်ဆုံးထား ပြောင်းရွှေ့ပေးဖို့ ပြောဆိုခဲ့တာကြောင့် ဒေသခံ ပြည်သူတွေဟာ အခက်ကြုံနေကြရတယ်လို့ ကယန်း မျိုးဆက်သစ် လူငယ်အဖွဲ့က မမူမိုးလေး က အာအက်ဖ်အေ ကို ပြောပါတယ်။

"အုပ်စု နှစ်စုရှိတယ် ထိန်ပင်အုပ်စုရယ် သပြေကုန်းအုပ်စုရယ်၊ ထိန်ပင်အုပ်စုက ၁၂ ရွာရှိပြီးတော့ သပြေကုန်းအုပ်စုက ၁၁ ရွာရှိပါတယ်။ အဲ့မှာ အဓိက လူကြီးတွေ သူတို့ခေါ်ပြီးတော့ စီမံကိန်း ပြီးတော့မယ် နောက် ရေက တက်တော့မယ်။ နင်တို့ လွတ်ရာ နေရာ ပြောင်းရွှေ့နိုင်တယ်လို့ ပြောတယ်။ နေရာချပေးတာ မဟုတ်ဘူး။ ဒေသခံတွေက ကိုယ့်ဖာသာ ကိုယ်ရွေးရမယ်။ အများစုက လုံး၀ မရွေးချယ် ဘာဖြစ်လဲဆိုရင် ဘယ်နေရာ ပြောင်းရွှေ့ရမှန်း မသိဘူး။ ၂၀၁၀ အောက်တိုဘာတုန်းက အရှေ့ပိုင်းတိုင်းမှူးက လာပြီးတော့ ရွှေ့ပြောင်းတဲ့ အနေနဲ့ လျှော်ကြေး ငါးသောင်းပေးဖို့ သူတို့က ကတိပေးထားတယ်။ ဒါပေမဲ့ နေရာအသစ်တည်ဖို့ မပြောနဲ့ အိမ်ဖျက်ဖို့ စရိတ်တောင်မှ မရှိဘူး။" ရေကာတာ စီမံကိန်း ဆောက်လုပ်ရာ ဒေသတစ်ဝိုက်က ကျေးရွာတွေမှာ ကယန်း လူမျိုး အများစု နေထိုင်ကြပြီး ပအို့ဝ်လူမျိုးနဲ့ မြန်မာလူမျိုးတွေလည်း နေထိုင်နေကြသလို နနွင်း၊ ငရုတ်၊ မြေပဲ၊ မိုးစပါး နဲ့ နွေစပါး တွေအပြင် ငှက်ပျော၊ လိမ္မော်၊ လက်ဖက် စတဲ့ နှစ်ရှည်ခံ ဥယာဉ်ခြံမြေတွေကိုလည်း အဓိက အားထား လုပ်ကိုင်နေထိုင် စားသောက်ကြသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်တပ် လုံခြုံရေးတွေ ချထားခဲ့တာကြောင့် ဒေသတွင်း ကျေးရွာတွေမှာ အတင်းအဓမ္မ ခိုင်းစေမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အများအပြား ဖြစ်ပေါ်နေတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ပြောင်းစေအမိန့်ဖြင့် နှင်ထုတ်ခံရခြင်း အမည်နဲ့ မြန်မာနိုင်ငံ အထက် ပေါင်းလောင်းဆည် တည်ဆောက်ခြင်းအတွက် ပေးဆပ်ရသည့် တန်ဖိုးများ အစီရင်ခံစာမှာ အချက်အလက်နဲ့တကွ ဖော်ပြထားပါတယ်။

ဒီကနေ့ ထိုင်းမြန်မာ နယ်စပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကယန်း မျိုးဆက်သစ် လူငယ်အဖွဲ့က မမူမိုးလေးက --

"စီမံကိန်း စတင်အကောင်အထည် ဖော်တဲ့အချိန်မှာ နေပြည်တော်က ခမရ ၆၀၆ ကို စေလွတ်ခဲ့တယ်။ ဆည်ရဲ့ လုံခြုံရေးဆိုပြီးတော့ ယာယီတဲတွေ တည်ဆောက်တယ်။ သူတို့ဆောက်တဲ့တဲက ဝါးတွေ ဖက်တွေ နှစ်စဉ် နှစ်တိုင်း ဒေသခံ လူထုတွေက သွားရောက် ပြုပြင် ပေးရတယ်။ လုပ်အားခလည်း ရရှိခြင်းမရှိပါဘူး။ နောက်ပြီးတော့ စီမံကိန်း သွားဖို့လမ်းအတွက်လည်း ဒေသခံ လူထုကို အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်းလည်း ရှိပါတယ်။ တပ်ကင်းအတွက် ကျေးရွာက တစ်အိမ်ထောင်မှာ တစ်လကို တစ်ထောင် ပေးဆောင်ရတာပေါ့။ ဆည် စီမံကိန်းကြောင့် လယ်မြေဧကပေါင်း နှစ်ထောင်ပတ်ဝန်းကျင်လောက် ဆုံးရှုံးရမှာ ဖြစ်ပါတယ်"

မြန်မာနိုင်ငံ မြစ်ချောင်းများ ဆိုင်ရာ ကွန်ယက်အဖွဲ့က ကိုစိုင်းစိုင်း ကတော့ မြန်မာနိုင်ငံမှာ အဓိက မြစ်ကြီးတွေပေါ်မှာ ရေကာတာ တည်ဆောက်နေတာ ၂၅ နေရာ ရှိနေပြီး ဒေသခံ ပြည်သူတွေရဲ့ သဘောထား နဲ့ စစ်တမ်း ကောက်ယူမှုတွေ မရှိခဲ့သလို ရေကာတာ ဆောက်လုပ်တဲ့နေရာ တချို့မှာလည်း တိုက်ပွဲတွေ ဖြစ်ပေါ်နေသေးတာကြောင့် လက်ရှိ အစိုးရအနေနဲ့ ဒီစီမံကိန်းတွေကို ရပ်တန့်ထားသင့်တယ်" လို့ ပြောသွားပါတယ်။

အထက်ပေါင်းလောင်းဆည် စီမံကိန်းမှာ ဥရောပနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဆွီဇလန်နိုင်ငံက အေအက်ဖ် ကိုလင်ကို (AF Colenco) ကုမ္ပဏီ ကို တည်ဆောက်ရေး အင်ဂျင်နီယာ ဒီဇိုင်း လုပ်ငန်းတွေ အတွက် မြန်မာအစိုးရကနေ ငှားရမ်းခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းတွေကို ကြီးကြပ်နေတာ ဖြစ်သလို လန်ဒန် အခြေစိုက် မဲလ်ကွမ် နဲ့ လုပ်ဖော်ကိုင်ဖက် MDA အဖွဲ့နဲ့ တရုတ်နိုင်ငံ ယူနန်းအကြီးစား စက်မှုပစ္စည်းများ ပြည်ပတင်ပို့ရေးကုမဏီ YMEC တွေက ဒီစီမံကိန်းမှာ ပါဝင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။