ချောင်းဦးမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ မောင်နှမသုံးဦးသေဆုံး

RFA Burmese
2025.04.07
ချောင်းဦးမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ မောင်နှမသုံးဦးသေဆုံး စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာက ဗုံးကြဲခံရပြီး မီးလောင်ပျက်စီးသွားသည့် နေအိမ်ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် သုံးပန်လှရွာကို ဧပြီလ ၆ ရက် ည ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မောင်နှစ်မသုံးဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၅၀ ကျော်အရွယ် ဒေါ်သန်းနု၊ အသက် ၆၀ ကျော်အရွယ် ဒေါ်မြတုတ်နဲ့ ဦးဝင်းဇော်ဦးတို့ မောင်နှစ်မသုံးဦးဖြစ်ပြီး နောက်ထပ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ လေးကြိမ်တိုက်ခိုက်ခဲ့တာလို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် သတင်းနဲ့ဆက်သွယ်ရေးတာဝန်ရှိသူ ကိုသန့်က RFA ကိုပြောပါတယ်။

“ဗုံးလေးလုံးမှာ နှစ်လုံးကွဲတယ်၊ နှစ်လုံးမကွဲဘူး။ အိမ်ပေါ်တည့်တည့်ကျတဲ့အလုံးက အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး၊ နောက် အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦး သေဆုံးတယ်။ သူတို့က မောင်နှမ သုံးယောက်”

ဒဏ်ရာရသူတွေကတော့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်အောက်ပိုင်းတွေမှာ ဗုံးစထိမှန်ခဲ့တယ်လို့ ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

စစ်ကောင်စီဟာ ငလျင်ကူညီကယ်ဆယ်ရေးကို အာရုံစိုက်လုပ်ဆောင်ဖို့ဆိုပြီး ဧပြီလ ၂ရက်နေ့ကနေ ၂၂ ရက်နေ့ အထိ သီတင်းသုံးပတ်ကြာအောင် ယာယီအပစ်အခတ်ရပ်စဲထားမယ်လို့ ကြေညာထားပါတယ်။

ဒါပေမဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ် စတဲ့ဒေသတွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ စစ်ရေး လှုပ်ရှား မှုတွေ ဆက်လုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တိုင်းရင်သားလက်နက်ကိုင်တွေနဲ့ PDF အဖွဲ့တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတဲ့အတွက် ပြန်လည်တိုက်ခိုက်နေတာလို့ ဧပြီလ ၅ ရက်နေ့မှာ နိုင်ငံပိုင်မီဒီယာကတစ်ဆင့် ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။