တွန်းဇံမှာ လေကြောင်းကဗုံးကြဲလို့ ခရစ်ယာန်ဘုရားကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီး

RFA Burmese
2024.05.13
တွန်းဇံမှာ လေကြောင်းကဗုံးကြဲလို့ ခရစ်ယာန်ဘုရားကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီး တွန်းဇံမြို့နယ် လုံတပ်ရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့က တွေ့ရစဥ်။
Facebook/ Chin Human Rights Organization

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် လုံတပ်ရွာကို မေလ ၁၁ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်းနဲ့ နေအိမ် လေးလုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တွန်းဇံမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တွန်းဇံမြို့မှာ တိုက်ပွဲဖြစ်ဖို့ CNA တပ်တွေ ရောက်လာတာလို့ ပြောကြတယ်။ လုံတပ်ရွာက တွန်းဇံမြို့နဲ့နီးတယ်။ တိုက်ပွဲဖြစ်လာမှာကိုတော့ ကျွန်တော်တို့က စိုးရိမ်နေရတယ်။ လေကြောင်းနဲ့ စနေနေ့ ညမှာ နှစ်ကြိမ် လာပစ်တယ်။ မနေ့ကလည်း လေယာဉ်တွေ ဝဲနေတာရှိတယ်”

တွန်းဇံမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး မြို့အဝင်အထွက်နေရာတွေမှာလည်း ပိတ်ဆို့စစ်ဆေးနေတယ်လို့ သူက ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန် ဘုရားကျောင်းတွေအပါအဝင် ချင်းပြည်နယ်မှာရှိတဲ့ ဘာသာရေး အဆောက်အုံ ၃၅ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (CHRO) ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။