ဖွဲ့စည်းပုံပြင်ရေးကော်မတီက USDP ပါတီဝင် နှစ်ဦး ထပ်မံနုတ်ထွက်

သက်စုအောင်
2019.12.17
saikyawmo-622 ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်မိုး ကို တွေ့ရစဉ်
Photo: Thet Su Aung / RFA

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ဒီနေ့ ထပ်မံ နုတ်ထွက်လိုက်ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီမှာ အဖွဲ့ဝင်တွေဖြစ်ကြတဲ့  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက  လွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်မိုးနဲ့ ဦးဆီဟူးဒွေ့ နှစ်ဦးဟာ ကော်မတီမှာ ဆက်ပြီးပါဝင်ဖို့ ဆန္ဒမရှိတော့တာကြောင့် ပူးပေါင်းကော်မတီအဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်ခွင့်ပြုဖို့ ကော်မတီ ဥက္ကဋ္ဌဆီကို မနေ့က ရက်စွဲနဲ့ နုတ်ထွက်စာ တင်လိုက်တာမှာ ကော်မတီက ဒီနေ့ နုတ်ထွက်ခွင့်ပြုလိုက်တာပါ။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက်  ၄၅ ဦးပါ ပူးပေါင်းကော်မတီအနေနဲ့ နိုင်ငံရေးပါတီတွေ အကြံပြုထားတဲ့ အချက်ပေါင်း ၃ ထောင်ကျော်ကို အခြေခံတဲ့ ဥပဒေမူကြမ်းတစ်ရပ် ရေးဆွဲဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဒီလို ပြင်ဆင်တဲ့ အကြံပြုချက်တွေနဲ့ ပတ်သက်လို့ ကော်မတီအစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် တခြားတိုင်းရင်းသားပါတီတွေရဲ့ အကြံပြုချက်တွေထက် NLD က တင်သွင်းထားတဲ့ အကြံပြုချက်တွေကိုသာ မဲအသာစီးနဲ့ အတည်ပြုနေတာဖြစ်လို့ အနိုင်ရ အင်အားကြီး ပါတီသဘောထားသာ လွှမ်းမိုးနေပြီး အားလုံးပါဝင်ခွင့်မရတာကြောင့် နုတ်ထွက်လိုက်တာဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်မိုး ကပြောပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီမှာ အချိုးကျ တွက်ချက်ပါဝင်ခွင့်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ၁၈ ဦး၊ တပ်မတော်သား ရှစ်ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွေက နှစ်ဦးစီ၊ ကျန်ပါတီတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်ခွင့်ရတာဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏ်စိုးကတော့ လွှတ်တော်ကဖွဲ့ပေးထားတဲ့  ကော်မတီ ကော်မရှင်တွေမှာ ကိုယ်စားလှယ်တွေအနေနဲ့ ပါဝင်ခွင့်ရှိသလို နုတ်ထွက် ခွင့်လည်း ရှိကြောင်းပြောပါတယ်။

အခုလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်နှစ်ဦး နုတ်ထွက်စာ တင်တာကလည်း ကော်မတီဝင်တွေရဲ့ လုပ်ပိုင်ခွင့်အရ ဆောင်ရွက်တာဖြစ်လို့ ကော်မတီအနေနဲ့ တားမြစ်ကန့်သတ်ခွင့် မရှိကြောင်းလည်း ဒေါက်တာ မြတ်ဉာဏ််စိုးက ပြောပါတယ်။

ဒါ့အပြင် ၄၅ ဦးပူးပေါင်းကော်မတီကနေ ကော်မတီဝင်တွေ နုတ်ထွက်သွားပေမယ့်လည်း လွှတ်တော်က ပေးအပ်တဲ့ တာဝန်ကိုတော့ ကော်မတီအနေနဲ့ ပြီးဆုံးတဲ့အထိ ဆက်ပြီးဆောင်ရွက်သွားမယ်လို့ ဒေါက်တာ မြတ်ဉာဏ််စိုးက ပြောပါတယ်။

၄၅ ဦးပူးပေါင်းကော်မတီက အဖွဲ့ဝင် တစ်ဦးဖြစ်သလို NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးအောင်ကြည်ညွန့်ကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်ပြောသလို NLD က တင်ထားတဲ့ အချက်တွေ ကိုပဲ အဓိက ဆွေးနွေးနေတာ မဟုတ်ကြောင်း အခုလို တုံ့ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေး  ၄၅ ဦး ပူးပေါင်းကော်မတီကနေ  ရခိုင်အမတ်နှစ်ဦး နုတ်ထွက်ခဲ့ပြီး နုတ်ထွက်တဲ့နေ့မှာပဲ ရခိုင်အမျိုးသားပါတီက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ကြေငြာချက်မှာတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီမှာ အဆိုပြုချက်တွေကို ဆုံးဖြတ်ချက်ချမှတ်တဲ့ စနစ်မှာ အနိုင်ရအင်အားကြီးပါတီ တစ်ခုရဲ့ သဘောထား အဆိုပြုချက်တွေကိုသာ မဲအသာစီးနဲ့ အတည်ပြု ဆုံးဖြတ်တဲ့ စနစ်ဖြစ်နေတဲ့အတွက် ရခိုင်အမျိုးသားပါတီနဲ့ တကွ အခြားတိုင်းရင်းသားပါတီတွေရဲ့ ပြင်ဆင်လိုတဲ့ အချက်တွေမှာ အတည်ပြု ဆုံးဖြတ်နိုင်ခြင်းမရရှိတော့ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ရခိုင်အမျိုးသားပါတီအပါအဝင် အခြားတိုင်းရင်းသားပါတီဝင်တွေ လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခန်းကဏ္ဍမှာ ပီပြင်စွာပါဝင်နိုင်ဖို့ အခြေအနေ မရှိတော့တဲ့ အပြင် ဗဟိုချုပ်ကိုင်မှု  စနစ်ကျင့်သုံးပြီး လက်ရှိအာဏာရပါတီရဲ့ တည်မြဲရေးကိုသာ ရည်ရွယ်နေကြောင်း၊ ဒါကြောင့် ပြည်ထောင်စု လွှတ်တော်ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ရခိုင်အမျိုးသား ပါတီကိုယ်စားလှယ် နှစ်ဦး  ဆက်လက်ပါဝင်နေဖို့ မလိုအပ်တော့ကြောင်း ရခိုင်အမျိုးသားပါတီအနေနဲ့ ဆုံးဖြတ်ခဲ့ကြပြီး ကိုယ်စားလှယ်နှစ်ဦး ပါဝင်နေတာကို ပယ်ဖျက်တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

အလားတူပဲ ၄၅ ဦးပူးပေါင်းကော်မတီကနေ နုတ်ထွက်ခဲ့သူ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်ဖြစ်သူ ဦးစိန်ဝင်းကတော့ ပူးပေါင်းကော်မတီတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့ ဥပဒေမူကြမ်း တစ်ရပ်ပြုစုဖို့ ပြင်ဆင်လို့တဲ့ အကြံပြုချက်တွေကို မဲခွဲဆုံးဖြတ်ရာမှာ လျို့ဝှက်မဲပေးစနစ် ကျင့်သုံးဖို့ တင်ပြပေမယ့် ငြင်းပယ်ခံရပြီး လက်ညှိုးထောင် မဲပေးတဲ့စနစ်ကို ကျင့်သုံးခဲ့တဲ့အတွက် မျှတမှုမရှိတာကြောင့် နုတ်ထွက်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

လက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦးပူးပေါင်းကော်မတီမှာ နုတ်ထွက်သူ ငါးဦးရှိပြီး အစည်းအဝေး တက်ရောက်ခြင်း မရှိတော့တဲ့ ကော်မတီဝင် ဦးလာမာလေး အပါအဝင်ဆိုရင် ‌ခြောက်ဦး ဖြစ်တာကြောင့် ၄၅ ဦးပူးပေါင်း ကော်မတီမှာ ၃၉ ဦးသာ ကျန်ရှိတော့တာပါ။

ကော်မတီအနေနဲ့ ကတော့ ဥပဒေမူကြမ်းတစ်ခု အမြန်ရဖို့ ဆွေးနွေးနေပြီး အခုနှစ် ဒီဇင်ဘာ ဒါမှမဟုတ် ၂၀၂၀- ဇန်နဝါရီလ လယ်လောက်မှာ လွှတ်တော်ကို တင်ပြနိုင်ဖို့ ကြိုးစားနေတယ်လို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

တပ်မတော်လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အဖွဲ့ဝင် ၄၅ ဦးပါ ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာ တင်သွင်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်ခြင်းမရှိကြောင်း ဝေဖန်ကန့်ကွက်ထားပြီး တပ်မတော်သားကိုယ်စားလှယ်တွေအနေနဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသောအနေနဲ့ ပူးပေါင်းကော်မတီ အစည်းအဝေးကို တက်ရောက်ခဲ့တာဖြစ်ပြီး အဆိုပြုချက်တင်သွင်းတာ၊ သဘောထား မှတ်ချက်ပြုတာတွေကို ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

လက်ရှိမှာ ၄၅ ဦး ပူးပေါင်းကော်မတီအနေနဲ့ အခန်း ၈ ထိ ဆွေးနွေးပြီးဆုံးကြောင်းနဲ့ ပုဒ်မ ပေါင်း ၄၅၇ ခုထဲက ပုဒ်မ ၄၀၀ ကို ဆွေးနွေး ဆောင်ရွက်ပြီး ဖြစ်ကြောင်းလည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။