ဦးကျော်မိုးထွန်းကို ကုလကိုယ်စားလှယ်အဖြစ် ဆက်ထားဖို့ တောင်းဆို

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိပေးဖို့ The Action Network အဖွဲ့က သြဂုတ်လ ၃၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်၊ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ကိုယ်စားလှယ်ကို ကုလက လက်မခံသင့်ဘူးလို့ အဲဒီအဖွဲ့က ပြောပါတယ်။
လာမယ့် စက်တင်ဘာလနှောင်းပိုင်းအတွင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်အကြီးအကဲတွေ တက်ရောက်မယ့် ညီလာခံကြီး ကျင်းပဖို့ရှိပါတယ်။
အဲဒီမတိုင်ခင် ကုလသမဂ္ဂကိုယ်စားလှယ်စိစစ်ရေး ကော်မတီက မြန်မာနိုင်ငံအတွက် ဘယ်သူ့ကို ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာကို ဆုံးဖြတ်ပေးရပါမယ်။
ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်မှာတော့ အဲဒီကော်မတီဟာ မြန်မာကိုယ်စားလှယ်စိစစ်ရေးကို ဆိုင်းငံ့ခဲ့တာကြောင့် ဦးကျော်မိုးထွန်းပဲ ကိုယ်စားပြုခွင့် ဆက်ရနေတာဖြစ်ပါတယ်။
ဒီနှစ် ဘယ်လိုဆုံးဖြတ်ချက်ထွက်လာမလဲဆိုတာ မသိသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ကုလမှာ ကိုယ်စားပြုခွင့်ရဖို့ ကြိုးစားနေပါတယ်။
The Action Network အဖွဲ့ကတော့ ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း လက်မှတ်တွေ ကောက်ယူပြီး ကုလသမဂ္ဂကို တင်ပြသွားမယ်လို့ဆိုပါတယ်။ အဲဒီအဖွဲ့ဟာ နိုင်ငံတကာက တက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြီး ဒီမိုကရေစီရေး လူ့အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပါတယ်။
လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာလည်း ကုလသမဂ္ဂဌာနချုပ်ရှေ့မှာ အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေစုဝေးပြီး ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုရေး ဆန္ဒပြတောင်းဆိုဖို့ရှိနေပါတယ်။