ဦးကျော်မြင့်ရဲ့ UDP ပါတီကို စိစစ်ဖို့ လေ့လာသူတွေ တိုက်တွန်း
2020.09.30
၂၀၂၀ ရွေးကောက်ပွဲမှာ အမတ်လောင်း အရေအတွက် ဒုတိယအများဆုံးရှိတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထိန်းသိမ်းလိုက်ပြီလို့ နိုင်ငံတော် သမ္မတရုံးက ဒီနေ့ ပြောပါတယ်။
နောက်ကြောင်းမရှင်းတဲ့သူတစ်ဦး နိုင်ငံရေးပါတီကြီးတစ်ခု တည်ထောင်ထားတာနဲ့ ပတ်သက်ပြီး စိစစ်သင့် တယ်လို့ လေ့လာသူတွေက တိုက်တွန်းလိုက်ပါတယ်။
UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထိန်းသိမ်းလိုက်ပြီလို့ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဒီနေ့ နေ့လယ်ပိုင်းမှာ နေပြည်တော်အခြေစိုက် သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
ဦးကျော်မြင့်အပေါ် စွပ်စွဲချက်တွေကိုလည်း စိစစ်၊ ဖော်ထုတ်နေတယ်၊ ရဲလုပ်ငန်းတွေ မပြီးပြတ်သေးဘဲ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
မန္တလေးထောင်မှာ ထိန်းသိမ်းခံနေရချိန် ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့ အမှုအတွက် မနေ့ကမှ ပြန်လည်ဖမ်းဆီးလိုက်တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ပါတီ ဆက်လက်ရပ်တည်နိုင်ခြင်း ရှိ၊ မရှိဆိုတာ သူ့ကို ဆက်လက် စစ်ဆေးမှုတွေအပေါ်မှာ မူတည်တယ်လို့ ရန်ကုန်မြို့က ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
"ဦးကျော်မြင့် တစ်ယောက်တည်းကို ဖမ်းတာနဲ့တော့ ပါတီကတော့ မပျက်သေးဘူးဗျ။ သူတို့ရဲ့ နောက်ကွယ် က ငွေစာရင်းတွေ၊ ပါတီကိုထိခိုက်မယ့်ဟာတွေ ဘာလုပ်ထားသလဲဆိုတာ ရွေးကောက်ပွဲဥပဒေတွေနဲ့ စစ်ဆေးပြီးမှ ကြေညာရမှာ။ ဦးကျော်မြင့်က ပါတီကို ဘယ်လိုတည်ဆောက်ခဲ့လဲ၊ ဘယ်ကငွေတွေနဲ့ တည်ဆောက်ခဲ့လဲဆိုတာ အဲဒါတွေကိုထပ်ပြီး စစ်ဆေးလို့ တွေ့ရှိတဲ့အပေါ်မှာ ပါတီကို ဖျက်လိုက်ရင် ပါတီကိုယ်စားလှယ်တွေက တစ်သီးပုဂ္ဂလတွေအဖြစ်နဲ့ ဆက်နေချင်နေလို့ရတယ်။ သူတို့ကို ရွေးကောက်ပွဲ ကော်မရှင်ကလည်း အတည်ပြုပေးထားပြီးပြီဆိုတော့ ပြဿနာတော့ မရှိဘူး။ ဦးကျော်မြင့်ကတော့ အခုထိန်းသိမ်းလိုက်ပြီ အမှုဟောင်းကလည်းရှိနေတော့ သူကတော့ သွားပြီပေါ့နော်"
UDP ပါတီက အမတ်လောင်းတစ်ဦးဖြစ်တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ် ၁ ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးဂဲနက်စ် က - ပါတီဥက္ကဋ္ဌနဲ့ပတ်သက်တဲ့ သတင်းတွေ ကြားပေမယ့် ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရက အကြောင်းကြားခြင်း မရှိသေးတော့ မဲဆွယ်စည်းရုံး နေကြဆဲဖြစ်တယ်လို့ ပြောပါတယ်။
"ပွင့်ပွင့်လင်းလင်းပြောရရင် ဘာမှမသိရသေးဘူးပေါ့ဗျာ။ ဒီနေ့ ဒီအချိန်အထိ မဲဆွယ်စည်းရုံးရေးလည်း သွားနေကြတုန်းပဲ။ အဲတော့ ရိုက်ခတ်မှုကတော့ အခုချိန်ထိ မရှိသေးဘူးပေါ့နော်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အခန်းကဏ္ဍကိုလည်း ကျတော်တို့ မသိရသေးဘူး။ ဒါမျိုးဖြစ်စဉ်ကလည်း အခုမှပဲ ပထမဆုံးကြားဖူးတာကိုး။ အဲတော့ သုံးသပ်ခန့်မှန်းရတာ အမှားအယွင်းရှိမယ်ထင်တယ်"
ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၁ ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် UDP ပါတီ ကိုယ်စားလှယ်လောင်း ဦးထွန်းအောင်က ပါတီဥက္ကဋ္ဌဟာ သတင်းတွေ ထွက်ပေါ်နေသလို ထောင်ပြေးတစ်ယောက်ဆိုရင် အဖမ်းခံရသင့်တယ်လို့ မှတ်ချက်ပေးပါတယ်။
"သူက ပြေးတယ်ဆိုရင် သူဖမ်းခံရမှာပေါ့၊ ဘာလို့ ထွက်ပြေးလဲ၊ ထောင်ကျတာက ကိစ္စမရှိဘူးလေ၊ ထောင်ထဲ ကနေ ထွက်ပြေးတာကတော့ အဲဒါက ကျနော်တို့ မကြိုက်ဘူး၊ ပုံစံကတော့ သိပ်မကျဘူး၊ ထောင်ပြေးဆိုတာ ကတော့ နာမည်ပျက်တာပေါ့။ သူ့ကိုဖမ်းတယ်ဆိုတော့ နောက်ပိုင်း ဘာတွေဖြစ်လာဦးမယ် မသိဘူးဗျ။ အခြေအနေကြည့်ပြီး ဆက်လုပ်ရမှာပေ့ါ၊ ပါတီကို ထိခိုက်နိုင်လား ဘာလားလည်း ရှိသေးတာကိုး"
UDP ပါတီဟာလာမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း အရေအတွက် ၁၁၄၃ ဦး ဝင်ပြိုင်မှာ ဖြစ်တာကြောင့် အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ USDP ထက် ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း အရေအတွက် ပိုများနေပါတယ်။
ဦးကျော်မြင့်ရဲ့ မြန်မာကျုံယွမ် ကုမ္ပဏီကနေ မြန်နိုင်ငံက ပြည်သူတွေရဲ့ ငွေကြေးအမြောက်အမြားကို အလွဲသုံးစား လုပ်ကိုင်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ပါတီက ထုတ်ပြန်တဲ့ သူ့ရဲ့ ကိုယ်ရေးအကျဉ်းပါ နိုင်ငံရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ အချက်တွေကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ဦးကျော်မြင့်ကတော့ သူရဲ့ အငြင်းပွားဖွယ် နောက်ကြောင်းတွေနဲ့ ပတ်သက်လို့ ပါတီရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က ရှင်းလင်းခဲ့ပါတယ်။
“ဝ ထဲမှာ တာဝန်ထမ်းဆောင်တယ်၊ ဟုတ်တယ်လေ၊ အဲဒီအချိန်မှာ ငြိမ်းချမ်းရေး ယူပြီးတော့မှ ငြိမ်းချမ်းရေး စလုပ်တာ၊ ကျွန်တော် စလုပ်တာ။ အဲဒါက ရှမ်းပြည်မြောက်ပိုင်း မုန်းကိုးမှာ ပထမဦးဆုံး ကျွန်တော်စခဲ့ လိုက်တာ။ စုံစမ်းပါ”
ဦးကျော်မြင့် (ခေါ်) ဦးဇခုန်ဇုန်းဆောင် ကိုယ်တိုင်ကလည်း သူဟာ လချိတ်လူမျိုး တစ်ဦးဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) လက်ထက်ကစပြီး နိုင်ငံရေးလှုပ်ရှားမှုတွေရှိခဲ့တယ်လို့ ပြောထားပါတယ်။
ဒီအပေါ်မှာ ဗိုလ်ချုပ် ကျော်ဇောရဲ့ သမီးဖြစ်တဲ့ ဒေါက်တာလှကျော်ဇောက ဦးကျော်မြင့်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး သခင်ဗိုလ်ချုပ် ကျော်ဇောဆိုတဲ့ အရေးအသားကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်လို့ ပြောပါတယ်။
"ဖေဖေက တစ်ခါမှ သခင်ဗိုလ်ချုပ် ကျော်ဇောလို့ နာမည်မတပ်ဖူးဗျ၊ ဖေဖေက ရဲဘော်သုံးကျိပ်မဖြစ်ခင် တုန်းက သူက တို့ဗမာအစည်းအရုံး ဝင်ဖူးတယ်၊ အဲတုန်းက သူ့နာမည်က သခင်ရွှေပါ ခဏလေးပါပဲ အဲဒါ ဂျပန်ပါသွားပြီ ဗိုလ်ကျော်ဇော ဖြစ်သွားတာပါပဲ၊ သူပြောတာဆိုတာကိုက တော်တော်ကို ဗမာပြည့်နိုင်ငံရေးနဲ့ တော်တော်ဒုံးဝေးတယ် ခေါ်တာပေါ့ဗျာ၊ ကျမတို့ သူတို့ လုံးဝမသိပါဘူး၊ နောက် ဝတပ်ဖွဲ့မှာ ကျန်ခဲ့တဲ့ ကျမတို့ပါတီရဲ့ ဗဟိုကော်မတီရှိတယ်၊ အရှေ့မြောက်စစ်ဒေသ စစ်ဦးစီးမှူး ဦးဇော်မှိုင်းဆိုတာ ဦးဇော်မှိုင်းရဲ့ သမီးနဲ့ အိမ်ထောင်ကျတယ်ကြားတယ် ပြီးတော့ "ဝ" တပ်ဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဘာတွေ ဗိုလ်ခင်ညွန့်တို့နဲ့ ပေါင်းလုပ်ရင်းကနေ ကျန်တဲ့ဟာတွေကတော့ အဲရှုတ်ရှုတ်ရှက်ရှက်တွေပဲ ကြားဖူးတာပဲ"
ဦးကျော်မြင့်(ခ) ဇခုန်ဇုန်းဆောင်ဟာ ၁၉၆၇ ခုနှစ် ၁၆ နှစ်သားအရွယ်မှာ စတင်ပြီး ရဲဘော်သုံးကျိပ်နဲ့ ဗိုလ်ချုပ် ကျော်ဇောတို့ ခေါင်းဆောင်မှုနောက်မှာ နိုင်ငံရေးစတင် လုပ်ဆောင်ခဲ့သူဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ တစ်နိုင်ငံလုံး ငြိမ်းချမ်ရေးရအောင် ဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ ပါတီက ဖြန့်ဝေတဲ့ သူ့ကိုယ်ရေးအကျဉ်းမှာ ဖော်ပြထားပါတယ်။
တရုတ် - မြန်မာ နယ်စပ် အခြေစိုက် ဗမာပြည်ကွန်မြူနစ်ပါတီဝင်လည်းဖြစ်၊ လက်ရှိ တိုင်းရင်းသားအရေး နိုင်ငံရေး လေ့လာသုံးသပ်သူလည်းဖြစ်တဲ့ ဦးမောင်မောင်စိုးကတော့ အဲဒီအချက်အလက်တွေက မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
“၁၉၆၇ မှာ ဗိုလ်ချုပ် ကျော်ဇောက ဗမာပြည်ကွန်မြူနစ်ပါတီထဲ မရောက်သေးပါဘူး။ မရောက်သေးတဲ့ အပြင် ဗိုလ်ချုပ် ကျော်ဇောနဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်ဖြစ်တယ် ဆိုတာလည်း ဒေါက်တာလှကျော်ဇော သူ့သမီး ကိုယ်တိုင်ငြင်းထားပါတယ်။ နောက်တစ်ခုက ၁၀၁ စစ်ဒေသမှာ ၁၇ နှစ်လောက် လုပ်ဖူးခဲ့တယ် ဆိုတာလည်း ကျွန်တော်တို့ လူဟောင်းတွေ သူ့ကို ဘယ်သူမှ မသိကြဘူးဗျ။ မုန်းကိုးပုန်ကန်မှုမှာ သူ စတင်ခဲ့တယ် ဆိုတာလည်း ကျွန်တော်တို့တော့ မသိဘူး၊ မကြားဖူးပါဘူး၊ အဲဒီပုန်ကန်မှုဟာ ၄၊ ၅ ရက်လောက် ကြာပါတယ်။ ၁၉၈၉ မတ်လထဲမှာဖြစ်တာပါ။ ကျွန်တော် ကိုယ်တိုင်လည်း အဲဒီမှာ အစအဆုံး ရှိပါတယ်။ အစောပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါတယ်လို့ ပြောဆိုတာတွေလည်း အဲဒီခေတ်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တာဝန်ယူ လုပ်ကိုင်နေတဲ့ ထောက်လှမ်းရေးက ဗိုလ်မှူးကြီးဟောင်း စန်းပွင့်ကလည်း မဟုတ်ဘူး၊ မသိဘူးဆိုတာ ငြင်းပြီးပါပြီ”
အဲဒီလို ငွေရေးကြေးရေး ပြဿနာတွေလည်းရှိသလို ကိုယ်ရေးရာဇဝင်နဲ့ပတ်သက်ပြီး မဟုတ်မမှန်တာတွေ ပြောဆိုမှုရှိတဲ့သူ၊ နောက်ကြောင်းပြဿနာ မရှင်းတဲ့သူကို နိုင်ငံရေးလောကထဲ ခေါ်သွင်းလာတဲ့သူတွေဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာလဲဆိုတာ စိတ်ဝင်စားဖို့ ပိုကောင်းပြီး အခုမှ ဒီမိုကရေစီ နိုင်ငံရေးကို အခြေတည်တဲ့ မြန်မာနိုင်ငံမှာ ငွေထုတ်ပိုက်ဝင်လုပ်နေတဲ့ ကိစ္စတွေဟာ သင့်လျော်တဲ့ ကိစ္စမဟုတ်ဘူးလို့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။
UDP ပါတီ ဥက္ကဋ္ဌနဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုးထွက်နေပေမယ့် ပါတီတည်ထောင်ခွင့် ရရှိနေတာက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC နဲ့ သက်ဆိုင်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောပါတယ်။
“ပါတီတစ်ခုနဲ့ပတ်သက်လို့ ဒီလိုမျိုးသံသယတွေ ရှိလာပြီဆိုရင် ပါတီခေါင်းဆောင်တွေ ပါတီတာဝန်ရှိ သူတွေကထွက်ပြီး ပွင့်ပွင့်လင်းလင်း ပြည်သူကို တင်ပြဖို့လိုတာပေါ့။ အဲလိုလုပ်ဆောင်တာ မရှိဘူး၊ လုပ်ဆောင်ချက်တွေကလည်း မေးခွန်းထုတ်စရာတွေ ရှိတယ်ဆိုရင်တော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီကိစ္စနဲ့ ပတ်သက်လို့ ခေါ်ယူမေးမြန်းတာတွေ လိုအပ်သလို ညွှန်ကြားတာတွေ လုပ်သင့် တာပေါ့။ ဒီလိုရွေးကောက်ပွဲတွေ နိုင်ငံရေးပါတီတွေနဲ့ပတ်သက်ရင် အဓိက တာဝန်ရှိတာက ရွေးကောက်ပွဲ ကော်မရှင်ပဲလေ။ ဒါကြောင့်မို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆုံးအဖြတ်က အဓိကကျမယ်လို့ ထင်ပါတယ်”
ထောင်ကထွက်ပြေးလွတ်မြောက်ပြီး မြောက်အမေရိကမှာ သွားရောက်ခိုလှုံခဲ့တဲ့ ဦးကျော်မြင့်ဟာ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ Black List ကပယ်ဖျက်ပြီး နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရရှိခဲ့တာဖြစ်ပေမယ့် လက်ရှိအာဏာရပါတီ NLD အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်က စိစစ်သင့်တယ်လို့ ABSDF ကျောင်းသား တပ်မတော် ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော် က ပြောပါတယ်။
“အဓိကတော့ တရုတ်လွှမ်းမိုးမှုကို သူက Back up လုပ်ပေးပေါ့နော်၊ တရုတ်ရဲ့ frozen ပေါ့နော်၊ ဝင်လာတယ်လို့ ထင်တယ်။ တရုတ် လူမျိုးတွေက ဗမာပြည်မှာ အနှိမ်ခံနေရပါတယ်၊ ကျနော်တို့က ကမ္ဘာမှာလှည့်ပြီးတော့ တရုတ်အတွက် တိုက်ပွဲဝင်ခဲ့တဲ့ လူတစ်ယောက်က ဗမာပြည်ရဲ့ ဒုတိယအကြီးဆုံးပါတီကို ဦးဆောင်လာပြီးတော့ ငွေလည်း ဘောပေါလအော သုံးနေတယ်ဆိုတာဟာ ရိုးသားတဲ့ ဆောင်ရွက်ချက် ဟုတ်သလား မဟုတ်သလား ဆိုတာ အမျိုးသားရေးလို့ ပြောနေတဲ့လူတွေ တစ်ခုခု စဉ်းစားသင့်တယ် လက်လွတ်စပယ်လုပ်ခွင့် ပေးထားသလား ဆိုတာကို ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နက်နက်နဲနဲ စဉ်းစားသင့်တယ်”
၁၉၆၇ ခုနှစ် တရုတ် - ဗမာ အရေးအခင်းမှာ တရုတ်နိုင်ငံသားတွေ သေဆုံးခဲ့တဲ့အတွက် တရုတ်အဖွဲ့ အစည်းတွေက တရုတ်လူမျိုးတွေကို ကူညီဖို့ဆိုပြီး စည်းရုံးလှုံ့ဆော်ခဲ့တဲ့တာတွေ ရှိတာကြောင့် ဦးကျော်မြင့်က တရုတ် လူမျိုးတွေအတွက် နားကျည်းချက်နဲ့ လုပ်ဆောင်နေတဲ့ လူတစ်ယောက်ဆိုတာ သိရတယ်လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။
ကချင်ပြည်နယ် မိုညှင်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးအောင်ဇော်လတ်နဲ့ ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်သန်းတို့ကတော့ ဥက္ကဋ္ဌ အကြောင်းနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ ပြောဆိုခွင့်မရှိကြောင်း ပါတီတာဝန်ရှိသူတွေက မှာကြားထားတယ်လို့ ဆိုပါတယ်။
ပါတီက ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး၊ ကားတွေနဲ့ လှည့်လည်မဲဆွယ်မှုတို့ အတွက်သာ လုပ်ဆောင်ပေးပြီး ကျန်တဲ့ မဲဆွယ်တဲ့ ပိုစတာ၊ ဗီနိုင်း၊ စတာတွေကို ကိုယ်တိုင်ကျခံ စိုက်ထုတ်ရတယ်လို့ ကိုယ်စားလှယ်လောင်းတချို့က ပြောပါတယ်။