ငြိမ်းချမ်းရေး ပူးတွဲကော်မတီ ကိုယ်စားလှယ် UNA နဲ့ SNLD ရွေးချယ်
2015.11.23

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ထဲမှာ ကိုယ်စားလှယ်အဖြစ် ကိုယ်စားပြုပေးဖို့ အတွက် UNA ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့နဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့က ကိုယ်စားလှယ်တစ်ဦးစီကို ဒီကနေ့ ရွေးချယ်ပေးလိုက်ပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နောင်တက်လာမယ့်အစိုးရလက်ထက် သဟဇာတဖြစ်ဖို့နဲ့ အသွင်ကူးပြောင်းရေးမှာ အဆင်ပြေချောမွေ့စေဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ အခုလို ကိုယ်စားလှယ်ရွေးချယ်ပေးလိုက်တာ ဖြစ်တယ်လို့ UNA အဖွဲ့ဝင် SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှုး ဦးစိုင်းလိတ်က ပြောပါတယ်။
"လက်ရှိအစိုးရအနေနဲ့ တပ်မတော်နဲ့ လုံးဝကိုသဟဇာတဖြစ်ထားတယ်၊ နောင်လာမယ့် တပ်မတော်နဲ့ သဟဇာတမျှမျှ ဆက်လက်ပြီး လက်တွဲသွားနိုင်မှသာလျှင် အသွင်ကူးပြောင်းရေးကိစ္စကို ဆက်လုပ်နိုင်မယ်၊ ငြိမ်းချမ်းရေးကိစ္စကို မျှော်လင့်ချက်ထားနိုင်မယ်ပေါ့၊ ဒါကြောင့်မို့ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရနဲ့ ပိုပြီးတော့မှ လက်တွဲခိုင်မာဖို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုင်းရင်းသားတွေနဲ့ လက်တွဲညီညီလုပ်ဆောင်နိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့မှ အမည်စာရင်းပေးတာဖြစ်ပါတယ်"
UNA အနေနဲ့ ကယန်းအမျိုးသားပါတီက အန်ဂျလာသောင်းနဲ့ SNLD ပါတီက ဦးစိုင်းကျော်ညွန့်တို့ကို ကိုယ်စားလှယ်တွေအဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။
UPDJC အဖွဲ့မှာ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် ၁၆ ဦး ပါဝင်ခွင့်ရထားပါတယ်။ အဲဒီ ၁၆ ဦး ထဲမှာ UNA ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့နဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့က ကိုယ်စားလှယ်တစ်ဦးစီကို ဒီကနေ့ ရွေးချယ်ပေးလိုက်တာဖြစ်ပါတယ်။
UPDJC အဖွဲ့မှာ အစိုးရကိုယ်စားပြုကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက ၁၆ ဦးနဲ့ နိုင်ငံရေးပါတီတွေဘက်က ၁၆ ဦး တို့ ပါဝင်ကြမှာဖြစ်ပါတယ်။
UNA အဖွဲ့ဝင် SNLD ပါတီက တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။