Unilever ကြော်ငြာ စစ်တွေမှာ ပြန်ဖြုတ်ခဲ့ရ
2014.06.02
ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ Unilever ကြော်ငြာ စာတန်းကြီးတွေမှာ ၉၆၉ အမှတ်အသားတွေ ပါဝင်နေ တာ တွေ့ရှိခဲ့ရတဲ့အတွက်၊ အဲဒီ ကြော်ငြာကို Unilever ကုမ္ပဏီက မနေ့က အမြန်ပြန်ဖြုတ်ချခဲ့ရတယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။
စစ်တွေမြို့ပေါ်က ဆိုင်ခန်းတွေရဲ့ ရှေ့မျက်နှာစာမှာ Unilever ရဲ့ အစိမ်းရောင် နဖူးစည်းကြော်ငြာစာတန်းကြီးတွေ ချိတ်ဆွဲထားကြရာမှာ မနေ့ကတော့ အဲဒီကြော်ငြာတွေပေါ်မှာ ဘာသာရေးဆိုင်ရာ ၉၆၉ အမှတ်အသားတွေ တွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။
Unilever ရဲ့ နိုင်ငံတကာဆက်ဆံရေး ညွှန်ကြားရေးမှူး ရှာမာဇရီ က ကုမ္ပဏီ ရဲ့ ညွှန်ကြားချက်မရှိဘဲ ကြော်ငြာ စာတန်းမှာ အဲဒီအမှတ်အသားတွေ ပါဝင်နေတာဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ နိုင်ငံရေး၊ ဘာသာရေးကိစ္စတွေမှာ ပါဝင် ပတ်သက်မှု မရှိကြောင်း၊ ဘယ်သူ့အပေါ်မှာမှ ခွဲခြားဆက်ဆံမှုလည်းမရှိကြောင်း၊ ဒီကိစ္စဟာ မိမိတို့ မသိဘဲ ဆိုင်ပိုင်ရှင်တချို့က Unilever ကိုယ်စားလှယ်တစ်ယောက်ကို သူတို့ဆိုင်ခန်းအမည်နောက်မှာ အဲဒီအမှတ်အသား ထည့်ခိုင်းခဲ့တာသာ ဖြစ်ကြောင်း ဘန်ကောက်မြို့ကနေ ပြောကြားခဲ့ပါတယ်။
Unilever ရဲ့ ရန်ကုန် ရုံးက အရာရှိကလည်း ကြော်ငြာတွေကို တနင်္လာနေ့ကပဲ အသစ်ပြန်လဲလှယ်ပြီးဖြစ်တယ် လို့ ပြောပါတယ်။
ကမ္ဘာကျော် Unilever ကုမ္ပဏီဟာ ဆပ်ပြာ၊ သွားတိုက်ဆေးကအစ ရေခဲမုန့်အထိ ပစ္စည်းမျိုးစုံ ထုတ်လုပ် ဖြန့်ချိ နေ တာဖြစ်ပြီး၊ အနောက်နိုင်ငံတွေက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျှော့ပေးလိုက်ပြီးတဲ့နောက် မြန် မာနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။