မြန်မာ့နိုင်ငံရေးအပေါ် အမေရိကန် စိုးရိမ်

မြန်မာနိုင်ငံမှာ စစ်အစိုးရကနေ အရပ်သား အစိုးရအဖြစ် ပြောင်းလဲလိုက်တာနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရအနေနဲ့ နိုင်ငံရေး အခင်းအကျင်းအပေါ် အထူး စိုးရိမ်ကြောင်း မတ်လ ၃၀ ရက် မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mark Toner က ပြောလိုက်ပါတယ်။

2011.03.31
thein_sein_generals_305_z.jpg ထိပ်တန်း စစ်ဖက်အရာရှိကြီးများ ၂၀၁၀ မတ်လ ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသော တော်လှန်ရေးနေ့ အခမ်းအနား တက်ရောက်နေပုံ ဖြစ်ပါသည်။ (ဝဲ မှ ယာ) ထိုစဉ်က စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် (ယခု သမ္မတ ဦးသိန်းစိန်)၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး (ယခု ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး) နှင့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ယခု ကာကွယ်ရေး ဦးစီးချုပ်) (ယာမှ ဒုတိယ)။
(Photo: AFP)

အတိုချုပ်ပြောရရင် မြန်မာအစိုးရသစ်ဟာ စစ်အစိုးရဟောင်းထဲက အဓိက စစ်ခေါင်းဆောင်တွေ ဦးဆောင်တဲ့ အစိုးရသစ်ဖြစ်သလို အပြစ်အနာအဆာများတဲ့ ရွေးကောက်ပွဲ လမ်းကြောင်းကနေ ထွက်ပေါ်လာတာ ဖြစ်ကြောင်း၊ စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားအဝတ် ပြောင်းလဲထားတဲ့ အစိုးရတရပ်သာ မြင်တွေ့ရသေးကြောင်း Mr. Toner က ပြောပါတယ်။

စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားအဝတ် ပြောင်းလဲထားတဲ့ အစိုးရတရပ်သာ မြင်တွေ့ရသေးကြောင်း

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအပေါ် ဖိနှိပ်ချုပ်ချယ်ထားတဲ့ နိုင်ငံရေး အခင်းအကျင်းအပေါ် အထူး စိုးရိမ်ဆဲဖြစ်ကြောင်း၊ မြန်မာအာဏာပိုင်တွေ အနေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ တရားဝင်ရပ်တည်ခွင့်ကို အသိမှတ်ပြုပေးဖို့နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် စစ်မှန်တဲ့ ဆွေးနွေး အဖြေရှာတာတွေ လုပ်ဖို့ တိုက်တွန်းကြောင်း Mr. Toner က ပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ လောလောဆယ်အထိ စီးပွားရေး ပိတ်ဆို့အရေးယူမှုနဲ့ အတူ အစိုးရ အဆင်မြင့် အရာရှိချင်း ထိတွေ့ဆက်ဆံရေးကိုလည်း ပြောင်းလဲဖို့ အစီအစဉ်မရှိပဲ ဆက်လက် ထိန်းသိမ်း သွားဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။