စစ်မက်ဒေသက မြန်မာပြည်သူကိုးသိန်းခွဲ အကူအညီ လိုအပ်နေကြောင်း ကုလထုတ်ပြန်

ခင်မောင်စိုး
2020.12.23

 ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၂၃ ရက် မနေ့က ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံအတွင်း စစ်မက်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင် နေထိုင်ရသူတွေ နေရပ်ပြန်ရေး ဆောင်ရွက်နေပုံနဲ့ စစ်မက်ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ ရှိတဲ့ ပြည်သူ ၉ သိန်းခွဲခန့်ကို ကူညီဖို့ လိုအပ်နေပုံတွေကို ဖော်ပြထားပါတယ်။

မြန်မာပြည်က စစ်မက်ဒေသနေ ပြည်သူတွေနဲ့ ပတ်သက်ပြီး  ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်မှာ ၂ဝ၁၂ ခုနှစ် ပဋိပက္ခတွေဖြစ်ပွားချိန်ကစပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရသူ ၁၂၅ဝဝဝ ရှိကြောင်း၊ ဒီနှစ်အတွင်း အစိုးရနဲ့ AA ရခိုင့်တပ်မတော်အကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ စစ်ဘေးရှောင်ပြည်သူ ၁ သိန်းကျော်ရှိခဲ့ကြောင်း၊ ရှမ်းပြည်မြောက်ပိုင်းမှာလည်း စစ်ဘေးဒုက္ခသည် ၇၈ဝဝ ကျော်ရှိနေကြောင်း၊ အဲဒီလူတွေထဲက အိမ်ထောင်စု ၁ဝဝ ကျော်ကို ပြည်နယ်အစိုးရက လာမယ့် နှစ်ဦးပိုင်းကာလအတွင်း ပြန်လည်နေရာချထားဖို့ စီစဉ်နေကြောင်း စသဖြင့် ဖော်ပြထားပါတယ်။

အဲဒီ ဒုက္ခသည်စာရင်းထဲမှာ မပါဝင်သေးသူတွေလည်း ရှိနိုင်ပါတယ်။ ရခိုင်ပြည်နယ် မြေပုံမြို့နယ်က စညှင်းဒုက္ခသည်စခန်းကို မနေ့ညက ရောက်ရှိနေတဲ့ ရခိုင်ရဟန်းတော်များအဖွဲ့ အထွေထွေအတွင်းရေးမှူး အရှင် သဘာဝနဒီဆရာတော်ကို RFA က ဆက်သွယ်ခဲ့ရာမှာ ....

“ဒီ စညှင်း ဒုက္ခသည်စခန်းမှာ အားလုံး ဒုက္ခသည်အရေအတွက်က ၄၁၃ ယောက်ရှိတယ်။ ကလေးရော သက်ကြီးရွယ်အို အားလုံးပေါင်း ကျား မ ပေါင်းပေါ့။ ဆန်နဲ့ အခြေခံ စားနပ်ရိက္ခာ လိုအပ်တယ်။ ဆောင်းရာသီဖြစ်တဲ့အတွက် သက်ကြီးရွယ်အိုတွေအတွက် အနွေးထည်တွေ စောင်တွေ လိုအပ်တယ်။ ဒီနှစ် ၂ဝ၂ဝ ဇန်နဝါရီကစပြီး ဒီဒုက္ခသည်စခန်းတွေ ရှိလာတာ။ ဒါပေမဲ့ ဒီ ဒုက္ခသည်စခန်းဟာ အခုအချိန်အထိ နိုင်ငံတော်အစိုးရရဲ့ ထောက်ပံ့ကြေးကို ဘာတပြားတချပ်မှ မရခဲ့ဘူး။ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကြေးလည်း တပြားတချပ်မှ မရဘူး။ တနှစ်ပြည့်ဖို့ ရက်ပိုင်းပဲ လိုတော့တယ်၊ ဒီနေ့အချိန်အထိ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ရခိုင်ရပ်မိရပ်ဖ အဖွဲ့အစည်းတွေရဲ့ လှူဒါန်းမှုနဲ့ ရပ်တည်နေရတဲ့ စခန်းတခုဖြစ်တာနဲ့အညီ မကြာခဏ ရိက္ခာပြတ်တောက်တယ်။ လက်ရှိ ဦးဇင်းကိုယ်တိုင်လည်း ဒီ စညှင်း ဒုက္ခသည်စခန်းကို ရိက္ခာပြတ်တောက်နေတဲ့အတွက် ဆန်အိတ် ၁ဝဝ လာလှူတာ”

ပြည်တွင်းမရပ်စဲနိုင်သမျှ ဒုက္ခသည်ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

“ဒုက္ခသည်ပြဿနာဖြေရှင်းဖို့က နံပါတ် ၁ က အပစ်အခတ် ရပ်စဲဖို့ပဲ။ အဲလို အပစ်အခတ် ရပ်စဲဖို့ ဆိုတဲ့ကိစ္စကလည်း နိုင်ငံရေးသဘောတူညီချက်တချို့ ရဖို့ လိုတယ်။ နောက်ပြီး တချို့ဆို စခန်းတွေမှာ နှစ်ပေါင်း ၂ဝ လောက်ကြာနေပြီ။ ကိုယ့်ဒေသတောင် ကိုယ် မမှတ်မိတော့ဘူး။ တချို့ မပြန်ချင်တော့ဘူးလေ။ အဲဒီနေရာမှာ အထာကျနေပြီ။ ဘယ်လောက်ပဲ ဆင်းရဲ ဆင်းရဲ အဲဒီမှာပဲ နေချင်ကြတဲ့ လူတွေ ရှိတယ်။ အတွေးအခေါ်တွေက အစ ပြောင်းကုန်တာ။”

ရခိုင်ပြည်နယ်မှာတော့ စစ်ဖြစ်တာ မကြာသေးတဲ့အတွက် စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်မယ်ဆိုရင် ပိုပြီး အဆင်ပြေနိုင်တယ်လို့လည်း သူကသုံးသပ်ပါတယ်။

“သူတို့လယ်တွေ မပျောက်မပျက်ရှိနေမယ် ယာတွေလည်း မပျောက်မပျက် ရှိနေတယ်ဆိုရင် ပြန်သင့်တာပေါ့။ အဲလိုမပြန်ဘဲနဲ့ တနေရာမှာသွားနေရင် အဲဒီမူလ နေရာတွေမှာ ကွက်လပ် ဖြစ်မယ်။ ကျနော်တို့က လူဦးရေပေါက်ကွဲမှု ဖြစ်ပွား နေတဲ့ နိုင်ငံ ၃ နိုင်ငံကြားမှာ နေနေတဲ့အခါကျတော့ အဲဒီလူတွေ ဝင်လာပြီး အလုပ်လုပ်မယ်ဆိုရင် ပြဿနာ ရှိနိုင်တယ်။ Population balance လူဦးရေ ချိန်ခွင်လျှာ ညီမျှမှုပေါ့နော်။ ကိုယ့်လူဦးရေ မြန်မာနိုင်ငံသားနဲ့ တခြားနိုင်ငံသားတွေရဲ့ balance တွေက ဖြေရှင်းရမယ့် ပြဿနာ ဖြစ်လာလိမ့်မယ်”

စစ်ဖြစ်တာကြာပြီဖြစ်တဲ့ ကချင်ပြည်နယ်က စစ်ရှောင်ပြည်သူတွေ မူလ နေထိုင်ခဲ့တဲ့ နေရာတွေမှာ တရုတ်စီးပွားရေးသမားတွေ လာရောက်နေရာယူပြီး လုပ်ကိုင်နေကြတာ ရှိပါတယ်။ ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒု-ဥက္ကဋ္ဌ ဒေါ်ဒွဲဘူက တိုက်ပွဲတွေ ခိုင်ခိုင်မာမာ ရပ်စဲဖို့ လိုတယ်လို့ ဝေဖန်ပါတယ်။

“အခုဆိုရင် ၉ နှစ် ၁ဝ နှစ် ရှိလာပြီဆိုတော့ တော်တော်ကြာလာပြီ။ ကိုယ့်ဒေသ ပြန်မယ် ဆိုရင်လည်း သူတို့ရဲ့ လယ်ယာမြေ နေအိမ်တွေ အကုန်လုံးပျက်စီးပြီ။ စားဖို့ သောက်ဖို့ ကလည်း ခက်ခဲပြီ။ ရေရှည်စစ်ရှောင်စခန်းတွေမှာ နေဖို့ဆိုတာကလည်း မလွယ်ဘူး။ ကူညီပံ့ပိုးတဲ့ သူတွေကလည်း ကြာလာတော့ အခက်အခဲတွေရှိလာပြီ။ ခု စစ်တွေ ခဏရပ်နေတယ်ဆိုပေမယ့် ရေရှည်တည်တံံ့တဲ့အနေအထား ဟုတ် မဟုတ် ဆိုတာ ပြောလို့မရဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်လာဖို့က အရမ်း အရေးကြီး ပါတယ်။ လုံးဝ အပစ်အခတ်မရှိတော့ဘူးလို့ အာမခံနိုင်တဲ့အခါကျမှသာ စစ်ရှောင်တွေအနေနဲ့လည်း သူတို့မူလနေရာတွေ ပြန်ရေးအတွက် ဆုံးဖြတ်ချက်ချဖို့ ပိုပြီး လွယ်ကူပါလိမ့်မယ်”

ဒေသခံပြည်သူတွေအတွက် မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်ကလည်း အဓိကပြဿနာတရပ် ဖြစ်ပါတယ်။ UNOCHA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံတဝန်း အခုနှစ်အတွင်း မြေမြှုပ်မိုင်းဒဏ်ကြောင့် လူ ၅၇ ဦးသေဆုံးပြီး ၁၆ဝ ခန့် ဒဏ်ရာ ရခဲ့ကြောင်းနဲ့ လာမယ့် ၂ဝ၂၁ ခုနှစ်အတွင်း မြန်မာပြည်က စစ်မက်ဒေသတွေမှာ နေထိုင်သူ ၉ သိန်းခွဲ နီးပါးကို ကူညီရေးအတွက် အမေရိကန်ဒေါ်လာ၂၇၆ သန်းခွဲ လိုအပ်မှာ ဖြစ်ကြောင်း စသဖြင့် ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။