ဖမ်းဆီးခံရသူတွေ လွှတ်ပေးဖို့ ကျောက်တော်မှာ ဆန္ဒပြ

အခုလိုလူ တထောင်လောက် ဆန္ဒပြနေတာ စစ်ဦးစီးမှူး ပထမတန်း ဦးဆောင်တဲ့ တပ်ရင်းတရင်း ရောက်လာပြီး ခြိမ်းခြောက်တယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။
"ရခိုင်ပြည်က ဖမ်းသွားတဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးဖို့ ဆိုပြီး ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြကြပါတယ်။ တပ်ရင်းတရင်း ရောက်လာပါတယ်။ ပစ်မယ်ခတ်မယ်ဆိုပြီးတော့ ထပ်ပြီးတော့ ခြိမ်းခြောက်ပါတယ်။ ကျနော်တို့က ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုမှုလေးလုပ်တာပါလို့ ပြောပါတယ်။ ဒါပေမဲ့ သူတို့ က ပစ်မယ်ခတ်မယ် ဆိုပြီးတော့မှ။ အုပ်ချုပ်ရေးမှူးရောက်လာပြီးတော့ ပြေပြေလည်လည်လေး ဖြစ်အောင် အဆင်ပြေအောင် အမြန်ဆုံး ဖြေရှင်း ပေးပါမယ် ပြောပြီးတော့ လူစုခွဲလိုက်ပါတယ်။ "
မြို့နယ်အုပ်ချုပ်ရေးမှူးက တရားဥပဒေအရ ဖြေရှင်းမယ်ပြောတဲ့ အတွက် မနက် ၁၀ နာရီက စတဲ့ ဆန္ဒပြပွဲက မွန်းလွဲ ၂နာရီ ၄၅ မိနစ်လောက်မှာ လူစုကွဲသွားတယ်လို့ ပြောပါတယ်။
ဒီဆန္ဒပြပွဲ ဖြစ်ပွားလာရတဲ့ အကြောင်းရင်းခံကိုလည်း အဲဒီဒေသခံကပဲ ပြောပြပါတယ်။
"မနေ့က ကုလား ရခိုင် အဓိကရုန်း ဖြစ်ပါတယ်။ ကျောက်တော်မြို့နဲ့ ၆မိုင်လောက်ဝေးတဲ့ သံခါးတောင်ဆိုတဲ့ နေရာလေးရှိပါတယ်။ ၅ နာရီဝန်းကျင်လောက်မှာ ဖြစ်တာကို ၈ နာရီလောက်မှာ ဒီက တလက ၉ က ဦးဆောင်ပြီး သွားကြပါတယ်။ ဘုန်းတော်ကြီးကျောင်း လုံခြုံရေးအရ စောင့်နေတဲ့ ၉ ယောက်ကို ဖမ်းသွားပါတယ်။ ဘုန်းတော်ကြီးတွေကို လက်နက်နဲ့ ခြိမ်းခြောက်ပါတယ်။ ပြီးတော့မှ ကျောက်တော်ကြီးစခန်းကို ပို့ပြီးတော့မှ ချုပ်ထားပါတယ်။ ဒီမနက် ၅ နာရီလောက်မှာ နောက်တရွာမှာ ထပ်ပြီးတော့ မီးလောင်မှု ဖြစ်ပွား ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ရခိုင် ၄ ဦးကို တလက ၉ က ထိမ်းသိမ်းထားပါတယ်။ ဘယ်သူမှလည်း အဆက်အသွယ် မလုပ်ရပါဘူး။"
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋ္ဋိပက္ခတွေကြောင့် ကျောက်တော်နဲ့ မြောက်ဦးက ရှေးဟောင်းဘုရားတွေ ဖျက်ဆီးခံရတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း ကျောက်တော်မြို့ကို ဒီနေ့ ရောက်ရှိလာတဲ့ အကြောင်းနဲ့ မြောက်ဦးမြို့ မဟာမုနိဘုရားမှာ လုံခြုံရေး အခြေအနေ ဆွေးနွေးတဲ့ အကြောင်း ဒေသခံတဦးက ပြောပါတယ်။
ဒီနေ့ထုတ် အစိုးရ သတင်းစာမှာလည်း ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာ ဇွန် ၁၅ ရက်နေ့ မွန်းတည့်က ဖြစ်ပွားတဲ့ မီးကွင်းပစ်မှုမှာ ပါဝင်ပတ်သက်တဲ့ လူတွေကို ဒေသ အာဏာပိုင်တွေ၊ လုံခြုံရေး အဖွဲ့တွေနဲ့ အကြမ်းဖက်မှု မလိုလားတဲ့ ပြည်သူတွေ ပူးပေါင်းပြီး အမြန်ဆုံး ဖမ်းဆီးမိရေး ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။