UPDJC အစည်းအဝေး နိုဝင်ဘာလ ၂၄ ရက်နေ့ ကျင်းပမည်
2017.11.19

လာမယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးအတွက် ဆွေးနွေးကြမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်တယ်လို့ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးခွန်မြင့်ထွန်းက ဒီနေ့ ပြောပါတယ်။
UPDJC အစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေ အတည်ပြုမှာဖြစ်တယ်လို့ ဒီနေ့ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြင်ဆင်သုံးသပ်တဲ့ တတိယနေ့ အစည်းအဝေးအပြီးမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO ဥက္ကဌ UPDJC အတွင်းရေးမှူအဖွဲ့ဝင် ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
"အဲဒါတွေအကုန်လုံးကိုကတော့ ကျနော်တို့ လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးတွဲကော်မတီ UPDJC ရဲ့ အစည်းအဝေးမှာ ကျနော်တို့ ဒါကိုပြင်ဖို့ရှိပါတယ်၊ UPDJC အစည်းအဝေးကလည်း ကျနော်တို့ အခုဒီလ ၂၄ ရက်နေ့မှာလုပ်မှာပါ၊ လုပ်ငန်းလမ်းညွှန်တွေ၊ မူဘောင်တွေ အတည်ပြုမှာဖြစ်ပါတယ်၊ အထူးအားဖြင့်တော့ UPDJC အစည်းအဝေးမှာ ပြန်ပြီးတော့မှ အတည်ပြုတာတွေ၊ လုပ်ငန်းလမ်းညွှန်တွေ၊ မူဘောင်တွေ အတည်ပြုမှာဖြစ်ပါတယ်"
UPDJC အစည်းအဝေးမှာ တင်ပြဖို့အတွက် အစိုးရ၊ နိုင်ငံရေးပါတီနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား ၈ ဖွဲ့က ကိုယ်စားလှယ်တွေပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြင်ဆင်သုံးသပ်တဲ့ အစည်းအဝေးကို ဒီနေ့ ၃ ရက်မြောက်နေ့အဖြစ် နေပြည်တော်က အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံးမှာ ကျင်းပခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလမှာကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံမှာ အားနည်းချက်တချို့ရှိခဲ့တဲ့အတွက် ဒီတကြိမ်မှာ အချိန်ယူဆွေးနွေးပြီး အကျေအလည် ညှိနှိုင်းကြဖို့လိုတဲ့အကြောင်း အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေက သဘောထားရှိကြတယ်လို့ ပြောပါတယ်။
ဒုတိယအကြိမ်ပင်လုံညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍငါးခုကနေ ရရှိခဲ့တဲ့ သဘောတူညီချက် ၃၇ ချက် နဲ့ပတ်သက်ပြီး ပြည်ထောင်စု သဘောတူညီချက်ရဲ့ အစိတ်အပိုင်း ၁ အဖြစ် ထည့်သွင်းသတ်မှတ်ခဲ့ပြီးဖြစ်တာကြောင့် လွှတ်တော်ကို တင်သွင်းပြီး အတည်ပြုချက်ရယူတာတွေ လုပ်ဖို့ပဲရှိတော့ တယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့၈ ဖွဲ့က ကိုယ်စားလှယ်တွေကတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ရေးအတွက် ပြင်ဆင်ချိန်ရဖို့နဲ့ NCA လက်မှတ်မထိုးထားသေးတဲ့ အဖွဲ့တွေ ပါဝင်လာနိုင်ရေးအတွက် တတိယအကြိမ် ၂၁ ပင်လုံညီလာခံကို လာမယ့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပဖို့ တင်ပြမယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
ဒါ့အပြင် ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ရေးအတွက် လာမယ့် UPDJC အစည်းအဝေးမှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။
အလားတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM အစည်းအဝေးကို လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့မှာနေပြည်တော်မှာ ပြုလုပ်ဖို့ရှိတယ်လို့ ပြောပါတယ်။