UPDJC အစည်းအဝေး ကျင်းပ
2017.11.24

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ဒီကနေ့ နေပြည်တော်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ရုံးမှာကျင်းပပြီး နိုင်ငံရေး ဆွေးနွေးရေး မူဘောင် ပြင်ဆင်သုံးသပ်ရေးကိစ္စတွေကို အဆုံးအဖြတ်ယူခဲ့ပါတယ်။
ဒီကနေ့ အစည်းအဝေးမှ နိုင်ငံရေး ဆွေးနွေးရေး မူဘောင်ကို အတည်ပြုနိုင်လုနီးပါးအထိ ဆွေးနွေးနိုင်ခဲ့တယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။
"အားလုံးသိကြတဲ့အတိုင်းပါပဲ ဒီနေ့ အစည်းအဝေးပွဲမှာ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ဆိုတဲ့အတိုင်းပဲ အတည်ပြုနိုင်တဲ့နီးပါး ဆွေးနွေးနိုင်တဲ့နည်းတူ လုပ်ငန်းနည်းလမ်း ၅ ခုကို ရေးဆွဲသွား မှာ၊ ဆွေးနွေးသွားမှာ အတည်ပြုဖို့၊ ဒီလိုဆောင်ရွက်နိုင်ခြင်းသည် ကျနော်တို့ ဒီနေ့ အစည်းအဝေးရဲ့ ဒါသည်အားလုံး နားလည်မှုရှိရှိ ညှိနှိုင်းဆွေးနွေးခဲ့လို့ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ကျနော် ပြောကြားလိုပါတယ်"
ဒီကနေ့ အစည်းအဝေးဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး ပူးတွဲကော်မတီ UPDJC ရဲ့ ၁၃ ကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတွေ က ဆွေးနွေးချက်တွေကို တင်ပြပြီး အဆုံးအဖြတ်ခံယူခဲ့တာ ဖြစ်ပါတယ်။
အစည်းအဝေးကို အစိုးရကိုယ်စားလှယ် ၁၄ ဦး၊ အစိုးရနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက ကိုယ်စားလှယ် ၁၅ ဦးနဲ့ နိုင်ငံရေး ပါတီတွေက ၁၄ ဦး တက်ရောက်ခဲ့ပါတယ်။
ဒီကနေ့ အစည်းအဝေးမှာ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ရဲ့ ဒုဥက္ကဌ အဖြစ် ပဒိုစောတာဒိုးမှုးကို ပြောင်းလဲအဆိုပြုခဲ့သလို အစိုးရအစုအဖွဲ့မှာလည်း ဗိုလ်ချုပ် စန်းမြင့်ဟာ UPDJC အဖွဲ့ဝင်အဖြစ် ပါဝင်လာပါတယ်။
အရင်က ဒီကနေ့ အစည်းအဝေးကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် ဒီကနေ့မှာတော့ တက်ရောက်ခြင်း မရှိပါဘူး။
လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့မှာလည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကိုလည်း နေပြည်တော်မှာ ပြုလုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။