ဦးပြုံးချို အပါအဝင် ၅ ဦးအမှု တရားလိုကို စစ်ဆေး


2017.09.18
pyonecho-court-622.jpg ကရင်ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးပြုံးချို အပါအဝင် ၅ ဦးကို စက်တင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးမှာ ရုံးထုတ်လာစဉ်
Photo: Kaung Htet Kyaw/RFA

အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချို အပါအဝင် ၅ ဦး အမှုကို ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ စစ်ဆေးခဲ့ပါတယ်။

ဦးပြုံးချို အပါအဝင် ၅ ဦးအမှုတွဲထဲက ၂ ဦးရဲ့အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကို က ဒီနေ့ရုံးချိန်းမှာ တရားလို ဦးစိန်တင် ကို စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။

"တရားလို ဦးစိန်တင် ကို ဆက်လက်ပြီးစစ်ဆေးတယ်၊ သက်သေခံစာရွက်စာတမ်းတွေတင်လို့ မပြီးသေးဘူး၊ ၂၅ ရက် ၉ လမှာ ဆက်ပြီးတော့စစ်မယ်"

ရန်ကုန်မြို့မှာရှိတဲ့ သိန်းထောင်ချီတဲ့ မြေကွက်ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနထံ တိုင်ကြားခံထားရာ ကနေ အဲဒီအမှုမှာ ပြည်ထဲရေးဝန်ကြီးဌာနက အရာရှိတွေ ပါဝင်ပတ်သက်နေတာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ လွှဲပြောင်းပေးပြီး ကိုင်တွယ်စေခဲ့တာ ဖြစ်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့အခါ ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချို၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးက ဒုတိယရဲမှူးကြီးတစ်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူး တစ်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာနက ဦးစီးအရာရှိ တစ်ဦးနဲ့ မြေပိုင်ရှင် ကိုယ်စားလှယ် လွှဲအပ်ခြင်းခံထားရသူ နှစ်ဦးတို့ဟာ အဂတိလိုက်စားမှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးစိန်တင် က တရားလိုပြုလုပ်ပြီး ဗပာန်းမြို့မ ရဲစခန်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃တို့နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။