တရားမဲ့ပြုကျင့်မှုနဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို ကန့်ကွက်ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တိုင်ကြားမှု ပလပ်ခံရ
2016.11.29

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန် တို့ကို တရားမဲ့ပြုကျင့်မှုနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ တင်ထားမှုကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ခုံရုံးက ပလပ်လိုက်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်က အမှုစစ်ဆေးပြီး မနေ့က ဆုံးဖြတ်ချက်ချပေးခဲ့တာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုကို လိုက်ပါကူညီပေးနေတဲ့ ရှေ့နေဦးကျော်ဟိုး က ပြောပါတယ်။
"အဲ့ဒီအမှုကို ရွေးကောက်ပွဲ ကော်မရှင်ခုံရုံးအမှတ် ၃ က စစ်ဆေးပြီးတော့ မနေ့က အမိန့်ချတယ်။ သူတို့တင်တဲ့ ကန့်ကွက်လွှာကို ပယ်တယ်။ သူက အကြောင်းပြတာက မကွာဘူး။ တစ်ယောက်နဲ့ တစ်ယောက် မကွာဘူး။ မကွာတဲ့အခါကျတော့ သူတို့စွပ်စွဲတဲ့ တရားမဲ့ ပြုကျင့်မှုဆိုတာ မပေါ်ပေါက် ဘူးပေါ့။"
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်တို့ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်း ရုံးရေးကာလအတွင်း ဟောပြောပွဲတွေကျင်းပရာမှာ အစိုးရ၊ သမ္မတ၊ တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ကို အသေရေပျက်အောင် ပြောဆိုမဲဆွယ်စည်းရုံးခဲ့တာတွေရှိတယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တွေ က ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်ခဲ့တာ ဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ခုံရုံးက စစ်ဆေးရာမှာ အဲဒီအချက်တွေဟာ ခိုင်လုံမှုမရှိဘူးလို့ ဆုံးဖြတ်တာကြောင့် ပလပ်ခဲ့တာဖြစ်တယ်လို့ ရှေ့နေဦးကျော်ဟိုး က ပြောပါတယ်။
ကန့်ကွက်လွှာတင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ခုံရုံးက ဆုံးဖြတ်ပြီးနောက် ၁၅ ရက်အတွင်းမှာ အယူခံဝင်ရောက်ခွင့်ရှိပါတယ်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်လောင်း ဒေါက်တာအောင်မြတ်သူ က ကန့်ကွက် ခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန် ကို လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးခင်မောင်စိုး က ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။