ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ရခိုင်အရေးပြောဆိုမှု အချုပ်အခြာအာဏာကို စွက်ဖက်တာလို့ USDP ပြော


2018.09.22
usdp-press-622.jpg ရန်ကုန်မြို့၊ သံလွင်လမ်းမှာရှိတဲ့ ကြံ့ခိုင်ရေးပါတီ ဗဟိုရုံးချုပ်မှာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ သတင်းစာရှင်းလင်းစဉ်
Photo: Thant Zin Oo/RFA

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီ ဟန့်အနေနဲ့ နိုင်ငံအတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပြောခဲ့တာတွေဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်တာဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

ရန်ကုန်မြို့၊ သံလွင်လမ်းမှာရှိတဲ့ ကြံ့ခိုင်ရေးပါတီ ဗဟိုရုံးချုပ်မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာ နန္ဒာလှမြင့်က အခုလို ပြောတာဖြစ်ပါတယ်။

"ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့ဆုံစဉ်ပြောဆိုမှု စကားလုံးသုံးနှုန်းမှုတွေဟာ ကျနော် တို့ရဲ့ ပြည်တွင်းကို ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်တယ်လို့ပဲ ဒီလိုပဲ ကျနော် မြင်ပါတယ်၊ နောက်တစ်ခါ ကျနော်တို့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုရဲ့အပေါ်မှာ တိတိလင်းလင်း ပေါ်ပေါ်တင်တင်ပဲ အမိန့်ပေး ဝင်ရောက်စွက်ဖက်တဲ့ပုံစံမျိုးတွေ့ပါတယ်၊ ဒါဟာ ကျနော်တို့ တိုင်းပြည် အချုပ်အခြာအာဏာပိုင် တိုင်းပြည်တစ်ခု ရဲ့ ပြည်တွင်းရေးကို ပေါ်ပေါ်တင်တင် ဝင်ရောက်စွက်ဖက်တာကိုလည်း ကျနော်တို့ ဘယ်လိုမှလက်ခံလို့လည်း မရဘူး၊ လက်ခံလို့လည်း မသင့်ဘူး"

ရခိုင်က ပြဿနာတွေဟာ ပြည်တွင်းမှာပဲဖြေရှင်းရမှာဖြစ်ပြီး နိုင်ငံခြားသားတွေပါဝင်တဲ့ ကော်မရှင်တွေကိုလည်း ကန့်ကွက်ကြောင်း၊ ပြည်တွင်းမှာရှိတဲ့ ဥပဒေတွေနဲ့အညီ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေ အပါအဝင် အဖွဲ့အစည်းတွေအားလုံး စုပေါင်းပြီး ဖြေရှင်းရမှာဖြစ်ကြာင်း ပြောပါတယ်။

ဒါ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ရွေးကောက်ပွဲကော်မရှင်ကို အပြည့်အဝမယုံသေးပေမယ့် ပြည်သူလူထုရဲ့ဆန္ဒကို အလေးထားတဲ့အနေနဲ့ လာမယ့်နိုဝင်ဘာလ ၃ ရက် နေ့မှာပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲ ဆန္ဒနယ် ၁၃ နေရာမှာ ၁၀ နေရာအထိ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိ NLD အစိုးရရဲ့ သက်တမ်း ၂ နှစ်ခွဲကျော် သက်တမ်းမှာ တရားဥပဒေစိုးမိုးမှုမရှိတာ၊ ဒေါ်လာဈေးနဲ့ စက်သုံးဆီဈေးနှုန်းအပါအဝင် အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်တာတွေဖြစ်ပေါ်နေပြီး အခြေအနေကို ခြုံကြည့်ရင် အဖက်ဖက်က ကျဆင်းနေတယ်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ပါတီရဲ့ဗဟိုအလုပ်အမှုဆောင် ပြောရေးဆိုခွင့်ရှိသူတွေဖြစ်တဲ့ ဦးပိုက်ထွေး၊ ဦးလှသိန်း၊ ဒေါက်တာ နန္ဒာလှမြင့်၊ ဦးသိန်းထွန်းဦး၊ ဒေါက်တာ ပွင့်ဆန်း စတဲ့သူတွေ တက်ရောက် ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။