ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက NLD ကို ကန့်ကွက်တဲ့အမှု ၂၀၀ နီးပါးရှိ
ရွေးကောက်ပွဲ တရားမဲ့ ပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြိုင်ဘက် အာဏာရပါတီ NLD ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC က တဆင့် ကန့်ကွက်လွှာ တင်သွင်းထားတဲ့ အမှုပေါင်း ၂၀၀ နီးပါး ရှိတယ်လို့ USDP ပါတီက ပြောပါတယ်။ NLD ပါတီကလည်း USDP ပါတီကို တိုင်ကြားထားတဲ့ အမှုတွေရှိပြီး အဲ့ဒီပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း NLD ပါတီက ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ကို တိုင်ကြားထားတဲ့ ကန့်ကွက်လွှာ ၂၀၀ နီးပါးမှာ ပြိုင်ဘက် NLD ပါတီနဲ့ ပတ်သက်တဲ့ အမှုတွေ အများဆုံး ဖြစ်တယ်လို့ USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောပါတယ်။
"ကျမတို့ ၂၀၀ နီးပါတော့ ရှိမယ်ရှင့်။ အမှုပေါင်း ၂၀၀ နီးပါး၊ ကျမတို့ USDP ဘက် ကနေပြီးတော့ ကန့်ကွက်လွှာ တင်သွင်းတဲ့ အမှုပေါင်း ၂၀၀ နီးပါးပေါ့နော်။ ၂၀၀ တော့ မကျော်ပါဘူး။ NLD ပဲ အများဆုံးဖြစ်ပါတယ် NLD ပါတီကိုပဲ၊ တခြားပါတီတွေတောင် မရှိသလောက်ပါပဲ။ ပြည်ထောင်စုနယ်မြေ ပါမယ်။ နောက် ရန်ကုန်တိုင်းအတွင်းမှာလည်း ရှိတယ်။ နောက် သာစည်ပေါ့နော်။ မန္တလေးတိုင်း ဒေသကြီးဘက်မှာ အများဆုံးရှိတယ်။ ဖြစ်စဉ်တွေကတော့ တနိုင်ငံလုံး အတိုင်းအတာ ဖြစ်တဲ့အတွက် တချို့တွေ ကျတော့လည်း ဖြစ်စဉ် ဖြစ်ပျက်ခဲ့ပေမယ့် တကယ့် တကယ်မှာ အထောက်အထားတွေ ရယူရတဲ့အခါမှာ အခက်အခဲ ရှိတဲ့နေရာတွေလည်း ရှိတယ်ပေါ့နော်။ အဲဒီတော့ ဖြစ်စဉ်ရှိတိုင်း အထောက်အထား ကျမတို့ မတင်နိုင်တဲ့အခါတွေမှာ ကန့်ကွက်လွှာတင်ဖို့ အခက်အခဲ ရှိတယ်ပေါ့နော်"
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ကို ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းရမယ့် နောက်ဆုံးရက်က ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ဖြစ်ပါတယ်။ NLD ပါတီက ကိုယ်စားလှယ်တွေကို ကန့်ကွက်လွှာတင်ထားတဲ့ မြို့နယ်တွေထဲမှာ နေပြည်တော် ပြည်ထောင်စုနယ်မြေက မဲဆန္ဒနယ် ၉ နေရာ၊ မန္တလေးတိုင်းနဲ့ ရန်ကုန်းတိုင်းက မဲဆန္ဒနယ်မြေအများစုနဲ့ တိုင်းရင်းသားဒေသက မဲဆန္ဒနယ်တွေ ပါဝင်တယ်လို့ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောပါတယ်။
ရွေးကောက်ပွဲ တရားမဲ့ ပြုကျင့်မှု ကန့်ကွက်လွှာတွေထဲမှာ NLD ပါတီက လက်ရှိ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို ကန့်ကွက်တဲ့ အမှုလည်းပါဝင်တယ်လို့ USDP ပါတီဘက်က လိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးအောင်ရဲစိုးက ပြောပါတယ်။
"ပဲခူးကကျတော့ လျှောက်ထားသူက ဦးအောင်နိုင်ထွန်းပေါ့။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းပေါ့နော်။ လျှောက်ထားခံရသူကတော့ တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲက အဲဒီမှာ ရွေးချယ်ခံရတဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာခဲ့တဲ့ လက်ရှိလည်း တိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေတဲ့ ဦးဝင်းသိန်းကို ကန့်ကွက်လွှာပေါ့နော်။ ဒါကတော့ ဝန်ကြီးအဆင့် ဝန်ကြီးချုပ်တွေ ဘာတွေနဲ့ ပတ်သက်လို့ရှိရင် လျှောက်ထားခံရသူတွေ ဘက်မှာ ပါတာပေါ့နော်။ ဦးသိန်းစိန် လက်ထက်မှာ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဉာဏ်ထွန်းအောင်က ဦးနိုင်ထူးအောင်ကို ကန့်ကွက်တဲ့ အမှုပါတယ်ပေါ့နော်"
ပဲခူးတိုင်းဝန်ကြီးချုပ်ကို ဘယ်အချက်တွေကြောင့် ကန့်ကွက်လွှာတင်ရတယ် ဆိုတာက တရားရုံးမှာ ရှင်းလင်းရမယ့် ကိစ္စဖြစ်လို့ အသေးစိတ်ကို မပြောနိုင်သေးဘူးလို့ ဦးအောင်ရဲစိုးက ပြောပါတယ်။ NLD ပါတီဘက်ကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ပတ်သက်ပြီး UEC ကို ကန့်ကွက်လွှာ ၅ မှုနဲ့ ရဲအရေးပိုင်တဲ့ အမှု ၁၂ မှုကို ရဲစခန်းကို တိုင်ကြားဖို့ ရှိတယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ တိုင်ကြားလွှာတွေနဲ့ ပတ်သက်ပြီး ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ထားတယ်လို့လည်း ဒေါက်တာမျိုးညွန့် ကဆိုပါတယ်။
"ဒါကတော့ ကျတော်တို့က ရွေးကောက်ပွဲ မတိုင်ခင်ထဲကိုက တရားမဲ့ ပြုကျင့်မှုတွေ၊ ရွေးကောက်ပွဲ ဥပဒေတွေကို သင်တန်းတွေလည်း ကျတော်တို့ ပို့ချတယ်။ နောက် မှားယွင်းမလုပ်မိအောင်လည်း အဆင့်ဆင့် ကြီးကြပ် ထားတဲ့အတွက် ဘယ်လို တိုင်ကြားမှုမျိုးကိုမဆို ကျတော်တို့ ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်လို့ပဲ ပြောချင်ပါတယ်"
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးစိုက်ရာ နေပြည်တော် ဇေယျာသီရိ မြို့နယ်မှာ အနိုင်ရခဲ့တဲ့ USDP ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ပြိုင်ဖက် NLD ပါတီကိုယ်စားလှယ်လောင်းက ဒီဇင်ဘာ ၂၄ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ ကန့်ကွက်လွှာ တင်သွင်းထားပါတယ်။
ဦးသန်းဌေးဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်းမှာ ဘာသာရေး၊ လူမျိုးရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ထည့်သွင်းဟောပြောခဲ့တာတွေ ရှိတဲ့အတွက် ကန့်ကွက်လွှာ တင်တာလို့ ဇေယျာသီရိမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးသက်ထွေးက ပြောပါတယ်။
နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေက ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းထားတဲ့ အခြေအနေကို သိနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
ရွေးကောက်ပွဲ ကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း ပေးသွင်းရမှာဖြစ်လို့ USDP ပါတီက မဲဆန္ဒနယ် ၂၀၀ နီးပါးအတွက် ငွေကျပ်သိန်း ၁၀၀၀ လောက် အကုန်အကျခံပြီး ကန့်ကွက်လွှာ တင်ခဲ့တာပါ။
၂၀၁၅ခုနှစ် ရွေးကောက်ပွဲအပြီးမှာ ပါတီအသီးသီးက တိုင်ကြားတဲ့ ကန့်ကွက်လွှာတွေကို ၂၀၁၆ ခုနှစ် အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်ပြီး ခန့်အပ်ခံရတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ လက်ထက်မှာ ကိုင်တွယ် ဖြေရှင်းခဲ့ပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကန့်ကွက်လွှာ တင်သွင်းခဲ့တဲ့ အမှု စုစုပေါင်း ၄၅ မှု ရှိခဲ့ပြီး အဲဒီအထဲမှာ USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်တဲ့ အမှု ၁၉ မှုထဲမှာ တစ်ခုမှ အနိုင်ရခဲ့တာ မရှိပါဘူး။ USDP ရဲ့ အနိုင်ရ ကိုယ်စားလှယ်အပေါ် NLD ဘက်က တိုင်ကြားတဲ့ အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးပါတယ်။