တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ မိုးကြီးနိုင်
2017.08.24

စစ်ကိုင်း၊ မန္တလေး၊ ကချင်၊ ရှမ်း၊ ကရင်၊ မွန်နဲ့ နေပြည်တော် စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရက်ပိုင်း အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဲဒီလို မိုးကြီးနိုင်တဲ့အတွက် မန္တလေး၊ စစ်ကိုင်းနဲ့ ပခုက္ကူမြို့တွေမှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်မှာ ရှိနေနိုင်သေးတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြစ်ရေခန့်မှန်းရေးဌာန ဦးစီးအရာရှိ ဦးဝင်းမော်က ပြောပါတယ်။
"ဒီမြစ်ရေကတော့ ပြီးခဲ့တဲ့ တပတ်လောက်ကတည်းက စတက်တာပေါ့။ တက်နေတဲ့ရေတွေပေါ့။ ဧရာဝတီ မှာတော့ မန္တလေး၊ စစ်ကိုင်းကတော့ ပေဝက်စီလောက် ရှိသေးတယ်။ စိုးရိမ်ရေအမှတ်အထက်ကိုပေါ့။ ပခုက္ကူ ကတော့ နှစ်ပေလောက် ရှိသေးတယ်။ ညောင်ဦကတော့ သုံးပေလောက် ရှိသေးတယ်"
လက်ရှိအချိန်မှာ ဧရာဝတီမြစ်ရေဟာ ပခုက္ကူ၊ ညောင်ဦး၊ ဟင်္သာတ၊ ဇလွန်မြို့တွေမှာ စိုးရိမ်ရေမှတ်ကိုကျော်နေပြီး ငဝန်မြစ်ရေဟာလည်း ငါးသိုင်းချောင်းမြို့မှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေတယ်လို့ သိရပါတယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သြဂုတ် ၂၂ ရက်နေ့အထိ ရရှိထားတဲ့ စာရင်းတွေအရ စစ်ကိုင်း၊ ဧရာဝတီနဲ့ မန္တလေးစတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရေဘေးကြောင့် ပြောင်းရွှေ့ ရတဲ့ အိမ်ထောင်စုပေါင်း ၂ သောင်း ၃ ထောင်ကျော်၊ လူဦးရေပေါင်း ၉ သောင်း ၈ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ရေတက်တာကြောင့် မကွေးတိုင်းဒေသကြီး အောင်လံမြို့က အိမ်ထောင်စု ၅၀၀ ကျော်၊ လူဦးရေ ၂ ထောင်လောက် ရေလွတ်ရာကို ပြောင်းရွှေ့နေရပြီး မန္တလေးတိုင်း အမရပူရမြို့နယ်မှာလည်း လူဦးရေ ၂၀၀၀ ကျော်လောက် ရေလွတ်ရာကို ရွှေပြောင်းနေရတယ်လို့ သိရပါတယ်။