အနောက်နိုင်ငံတချို့ ပိတ်ဆို့မှုများ စတင်ရုပ်သိမ်း

မြန်မာနိုင်ငံအပေါ်နော်ဝေးနိုင်ငံက ချမှတ်အရေးယူထားတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ နော်ဝေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere ယိုးနတ်စ် ဂါး စတူရာက တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။

2012.04.15
norway-foreign-minister-b305 နော်ဝေး နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere ဖြစ်ပါသည်။
Photo courtesy of UN web site

မကြာသေးမီကာလအတွင်း မြန်မာနိုင်ငံတွင်း တိုးတက်ပြောင်းလဲမှုတွေကို ကြည့်ရင် အာဏာပိုင်တွေဟာ တကယ်ပဲ ပြုပြင်ပြောင်းလဲချင်တယ်ဆိုတာ ထင်ရှားနေကြောင်း၊ ဒီအတွက် ကြိုဆိုရမှာ ဖြစ်ကြောင်း၊ အခု မြန်မာနိုင်ငံ လိုအပ်နေတာကတော့ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်မိဖို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီတွေပဲ ဖြစ်ကြောင်းလည်း နော်ဝေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere ယိုးနတ်စ် ဂါး စတူရာက ပြောဆိုပါတယ်။

တချိန်တည်းမှာပဲ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်သူများကို ပြောလိုတာကတော့ ဒီပိတ်ဆို့ အရေးယူမှုတွေကို ပြန်ချမှတ်နိုင်တယ်ဆိုတာ ဖြစ်ပါတယ်။ အမှန်စင်စစ်တော့ ကျွန်တော်တို့ဟာ အရေးယူမှုတွေကို ဆိုင်းငံံ့လိုက်တာပဲ ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။

နော်ဝေးနိုင်ငံဟာ မြန်မာနိုင်ငံ သစ်ဝယ်ယူ တင်သွင်းမှုကိုလည်း ပိတ်ပင်တားမြစ်ထားတယ်လို့ သိရပါတယ်။ ခုလိုစီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ပေမဲ့ လက်နက်ရောင်းချမှု ပိတ်ပင်တားဆီးချက်ကို ဆက်လက် ထားရှိတယ်လို့ ဆိုပါတယ်။

တချိန်ထဲမှာပဲ မြန်မာနိုင်ငံက ရာပေါင်းများစွာသော ပုဂ္ဂိုလ်တွေအပေါ် ချမှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာနဲ့ ခရီးသွားလာခွင့်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေကို သြစတြေးလျနိုင်ငံက ရုပ်သိမ်းမှာ ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးက လန်ဒန်မြို့မှာ တနင်္ဂနွေနေ့က ကြေညာ ပြောဆိုလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်အပါအဝင် လူပုဂ္ဂိုလ် အယောက် ၂၆၀ အပေါ် ချမှတ်အရေးယူထားတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်ကြောင်း၊ ဒါပေမဲ့ စစ်ခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်သူလို့ ယူဆရသူတွေ စုစုပေါင်း ၁၃၀ ခန့်ကိုတော့ အရေးယူခံရသူများ စာရင်းထဲမှာ ဆက်လက်ထားရှိမှာဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Bob Carr က ပြောဆိုပါတယ်။

မြန်မာ အတိုက်အခံတွေနဲ့ အခြားအခြားသော နိုင်ငံတွေကို တိုင်ပင်ဆွေးနွေးပြီးမှ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလည်း သူကပြောဆိုပါတယ်။

Mr Bob Carr က သမ္မတ ဦးသိန်းစိန်ဟာ တကယ်ပဲ ရိုးသားဖြောင့်မတ်သူ ဖြစ်တယ်လ့ို ထင်ကြောင်း၊ ဒီအတွက် သူအကျိုး ခံစားထိုက်တယ်လို့ မိမိအနေနဲ့ ယူဆကြောင်း ပြောဆိုပါတယ်။

ဒါပေမဲ့ လိုအပ်လာတယ်ဆိုရင် အချိန်မရွေး ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်ချမှတ်နိုင်ကြောင်းလည်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-15 19:35

DO you believe Thein Sein is a honest man? He is a Than Shwe's step son so Than Shwe gave president post to him.Thein Sein pretend like a honest man.He has no power.Army has full power.Than Shwe control everything behind the certain.You will see soon.