လစာ၊ အခွင့်ရေးရဖို့ လှိုင်သာယာ စက်ရုံ ၅ ရုံမှာ ဆန္ဒပြ
2013.05.23

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ စက်မှုဇုန်တွေက စက်ရုံ ၅ ရုံမှာ အလုပ်သမားတွေက အခြေခံလစာတိုးပေးရေးနဲ့ အလုပ်ထုတ်လိုက်တဲ့ အလုပ်သမားတွေကို ပြန်ခန့်ရေးအတွက် သက်ဆိုင်ရာ စက်ရုံတွေရှေ့မှာ ဆန္ဒပြတောင်းဆိုနေပါတယ်။
ပိုစန်း ရေပိုက်စက်ရုံက အလုပ်သမား တစ်ရာနီးပါးလောက်ဟာ မနေ့ကတည်းက အခြေခံလစာတိုးပေးရေးအတွက် ဆန္ဒပြတောင်းဆိုနေပေမယ့် လက်ရှိအချိန်ထိတော့ အလုပ်ရှင်ဖက်က ညှိနှိုင်းဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ ဆန္ဒပြအလုပ်သမားတစ်ဦးက အခုလို ပြောပါတယ်။
"မနေ့က ကျနော်တို့ တောင်းဆိုတယ်၊ သူတို့က လိုက်လျောတာမရှိဘူး၊ အပြင်မှာပဲနေပြီး မိုးတွေရွာတော့ ညနေ ၄ ခွဲလောက် ကလေးတွေ ကို ဖျားမှာစိုးလို့ဆိုပြီး ပြန်လွှတ်လိုက်တယ်၊ ဒီနေ့ ၃ နာရီထိုးလောက်က စက်ရုံက ကိုယ်စားလှယ် ၅ ယောက်ကို ခဏခေါ်ပြီးတော့ ညှိမယ်လို့တော့ပြောတယ်၊ ခုချိန်ထိ ပြန်မရောက်သေးဘူး၊ ကျနော်တို့ က ညှိနှိုင်းမှု အဆင်မပြေဘူးဆိုရင်တော့ ဥပဒေလမ်းကြောင်းအတိုင်းပဲ ဆက်ပြီးတော့သွားဖို့ရှိပါတယ်"
အဲဒီစက်ရုံမှာ လုပ်သက် ၁ နှစ်နဲ့အထက် အလုပ်သမားတွေကို အခြေခံလစာ နှစ်သောင်းကျော်ပေးပြီး၊ လုပ်သက် ၇ နှစ်အထက် အလုပ်သမားတွေကိုတော့ လေးသောင်းကျော်လောက်ပဲပေးတာကြောင့် အခြေခံလုပ်ခလစာ ပျမ်းမျှတစ်လကို ကျပ်ကိုးသောင်းအထိ တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတာလို့ သိရပါတယ်။
ငွေပင်လယ် စက်မှုဇုန်အတွင်းမှာရှိတဲ့ စံကောင်း ပီနံအိတ်စက်ရုံမှာတော့ အလုပ်သမား ၄၉ ဦးကို အလုပ်ထုတ်လိုက်တဲ့အတွက် အလုပ်ပြန်ခန့်ပေးဖို့ အဲ့ဒီစက်ရုံက အလုပ်သမားရာနဲ့ချီပြီး ပြီးခဲ့တဲ့ ၁၁ ရက်နေ့ကတည်းက ဒီနေ့အထိစက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
လက်ရှိဖြစ်နေတဲ့ အလုပ်ရှင်၊ အလုပ်သမားကြား ပြသနာကို အမြန်ဆုံး ပြေပြေလည်လည် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ စံကောင်းစက်ရုံ အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ ဥက္ကဌ ကိုဝင်းထွန်းအောင်က RFA ကို ပြောပါတယ်။
"ဆက်တိုက်ဒီလိုဖြစ်တာ ကျနော်တို့စက်ရုံလည်း အပါအဝင်ပေါ့ဗျာ၊ အခုလည်း ကျနော်တို့ လက်တွေ့လုပ်နေတယ်ပေါ့၊ ဒါတွေကပြောရရင် ညှိနှိုင်းဖြေရှင်းဖို့က မရှိသလောက်ရှားနေတယ်ဗျ၊ လုပ်ငန်းရှင်က ခေါင်းမာတာကိုး၊ ဘယ်လူကြီးမှလည်းလာပြီး သူတို့ကို ဖိအားပေးခြင်း တင်ပြခြင်းမရှိတော့ ညှိနှိုင်းဆောင်ရွက်မှုက မရှိသလောက်ဖြစ်နေတယ်၊ ကျနော်တို့ အလုပ်သမားတွေအနေနဲ့က လက်တလောဖြစ်နေတာကို လတ်တလောမရှင်းလို့ရှိရင် ဆက်ပြီးတော့ ဖြစ်ပေါ်နေဦးမှာပဲ၊ ဥပဒေချိုးဖောက်တာတွေရှိလို့ရှိရင် ဒါတွေဖြစ်နေဦးမှာပဲ၊ တချို့စက်ရုံတွေကတော့ အခကြေးငွေပေါ်မှာ မူတည်လိမ့်မယ်၊ ကျနော်တို့ စက်ရုံကျတော့ ဥပဒေမဲ့ အလုပ်ဖြုတ်တာတွေကို ကာကွယ်တားဆီးနိုင်ဖို့လုပ်နေတယ်"
လှိုင်သာယာစက်မှုဇုန် ၂ မှာရှိတဲ့ ကိုရီးယားလူမျိုးပိုင် အက်စကွဲ (Esquire) ဖိနပ်စက်ရုံက အလုပ်သမားတွေကလည်း အခုလ ၂၀ ရက်နေ့ကစပြီး အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို အမြန်ဆုံးအလုပ်ပြန်ခန့်ဖို့ ဒီကနေ့အထိ တောင်းဆိုနေကြပါတယ်။
အလားတူ ဆာကူရာ အထည်ချုပ်စက်ရုံနဲ့ သုံးထပ်ကြီး အထည်ချုပ်စက်ရုံတွေမှာလည်း အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ ဒီကနေ့ တောင်းဆိုနေကြတယ်လို့ သိရပါတယ်။